Politics, Law & Military
ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ နှင့် ခြောက်ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကျောက်မျက် နှင့် လက်ဝတ်ရတနာထိပ်သီးအစည်းအဝေးပွဲကျင်းပမည်
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ကျောက်မျက်ရတနာနေ့ နှင့် ခြောက်ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကျောက်မျက် နှင့် လက်ဝတ်ရတနာထိပ်သီးအစည်းအဝေးပွဲကို သြဂုတ်လတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုနှစ်ပွဲစလုံးကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး နေပြည်တော်တွင်ရှိသည့် Kempinski ဟိုတယ်တွင် သြဂုတ်လ ၃ ရက် နေ့ နှင့် ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌဒေါက်တာ အောင်ကျော်ဝင်း က “၂၀၁၇ခုနှစ်က ကျွန်တော်တို့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေနဲ့ တကယ့်ကို မင်္ဂလာရှိတဲ့နှစ်တစ်နှစ်ပါ။ တကယ့်ကို ထူးခြားတဲ့အခမ်းအနား ၃ခုကို တစ်နှစ်ထဲမှာ တစ်ကြိမ်ထဲမှာ တစ်လထဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။” ဟုမီဒီယာများအားပြောကြားခဲ့သည်။
သြဂုတ်လ ၂ရက်နေ့ မှ ၁၁ရက်နေ့အထိ ၅၄ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ၊ သြဂုတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာနေ့၊ သြဂုတ်လ ၄ရက်နေ့တွင် မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၆ကြိမ်မြောက် 6th AEC + 8 Gems & Jewelry Summit (အာဆီယံစီးပွားရေးအသိုက်အဝန်း အပေါင်း မိတ်ဖက်နိုင်ငံ၈နိုင်ငံ ကျောက်မျက် နှင့် လက်ဝတ်ရတနာထိပ်သီးအစည်းအဝေးပွဲ) အား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာအောင်ကျော်ဝင်းက “၂၀၁၇ summit မှာ ထူးခြားတာက association အဖွဲ့ဝင်တွေကိုပဲ ဖိတ်မှာမဟုတ်ဘဲ ဘူမိဗေဒကျောင်းသား ကျောင်းသူတွေ ပညာရှင်တွေကို ဖိတ်တဲ့အပြင် အဖွဲ့လိုက်ဆွေးနွေးမှုများလည်း ပြုလုပ်သွားမှာဖြစ်တယ်’’ ဟုပြောသည်။
မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းကိုတရားဝင်မှတ်ပုံတင်သည့် ၂၀၀၉ ခုနှစ် သြဂုတ်လ ၃ ရက် နေ့ကို အစွဲပြု၍ မြန်မာနိုင်ငံကျောက်မျက်ရတနာနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)