Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ကိုရီးယား သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်

မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Mr. Moon Hee-Sang ၏ ဖိတ်ကြားချက်အရ မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့ လွှတ်တော် တရားစီရင်ရေးရာနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျင်ဝမ်း၊ ဦးထွန်းကျော်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။

မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa နှင့် လွှတ်တော်ရုံး တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။(Xinhua)