Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရာ၌ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရှင်းလင်း

အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်း ပြောကြားစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အရေးကိစ္စဖြေရှင်းရာ၌ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။ 

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲ ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၈ ရက်တွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီး အဆင့်အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးကိစ္စနှင့် ပြဿနာ၏အခြေခံဇစ်မြစ်ကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် ပိုမိုတက်ကြွသည့်အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterresက ဆွေးနွေးတိုက်တွန်းကြောင်း မိန့်ခွန်းပြောကြားခဲ့သဖြင့် ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အစိုးရ၏ လက်ရှိဦးစားပေးလုပ်ငန်းမှာ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ ပြန်လည်လက်ခံရေးနှင့် နေရပ်ပြန်လာသူများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးရေး ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂနှင့် အာဆီယံ တို့အပြင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၊ မိမိတို့အနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre အဖွဲ့တို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ထားရှိမှုများကို ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူများကို သွားရောက်ရှင်းလင်းပြောကြားသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင်လည်း အာဆီယံ၏ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ အာဆီယံ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် UNHCR နှင့် UNDP တို့၏ လက်ရှိ ဆောင်ရွက်ချက်များကို အစားထိုးရန်မဟုတ်ဘဲ ပိုမိုအားဖြည့်ရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးက နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် ကော့ခ်ဘဇားစခန်းအတွင်း၌ အာဆာ၏ အကြမ်းဖက်လှုပ်ရှားမှုများအပါအဝင် အခက်အခဲများစွာရှိကြောင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်မှန်သည့် နိုင်ငံရေးဆန္ဒ၊ ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှုနှင့် နှစ်နိုင်ငံသဘောတူညီမှုများကို အပြည့်အဝ လေးစားလိုက်နာမှုတို့ လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များ၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင် သဘောတူညီမှုများနှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိပြုထားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၊ ကုလသမဂ္ဂ၊ မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်း၍ နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် နှစ်နိုင်ငံအကြား ရွှေ့ပြောင်းသွားလာမှုကိစ္စရပ်များ ပါဝင်သည့်ကိစ္စတစ်ရပ်ဖြစ်သဖြင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်တွင် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ရှိစေလိုပါက အသိုက်အဝန်း အားလုံး၏ လုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆီးပေးနိုင်ရန်အတွက် အစိုးရ၏စွမ်းဆောင်ရည် ပိုမို တောင့်တင်း လာအောင် ကူညီပေးရန် လိုအပ်ကြောင်း ၊ ချိနဲ့အားနည်းစေရန် မပြုလုပ်သင့်ကြောင်းနှင့် ပြဿနာ ဖြေရှင်းရာတွင် ရိုးသားစွာ အကူအညီပေးလိုသည့် မိတ်ဖက်များ၏ အကူအညီများကို မိမိတို့ ကြိုဆိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက တုံ့ပြန် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှု အရ သိရသည်။(Xinhua)