Politics, Law & Military
မောင်တောမြို့နယ်၊ ဖေဇီကျေးရွာအနီး ငွေကျပ်၂၉၆ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖေဇီကျေးရွာအနီး တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၆ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဧပြီ ၂၆ ရက် ည ၁၁ နာရီခွဲခန့်တွင် ဖေဇီကျေးရွာအနီးသို့ အရောက်၌ အဆိုပါကျေးရွာဘက်မှ လမ်းလျှောက်လာသည့် မသင်္ကာဖွယ်လူတစ်ဦးအား ခေါ်ယူစစ်ဆေးရာ လာရောက်ခြင်းမရှိဘဲ အထုပ်တစ်ထုပ်အား ပစ်ချ၍ ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရမိ အထုပ်အတွင်းမှ WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈၂ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၆ သိန်းကျော်)ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သူအား ဖမ်းဆီးရမိနိုင်ရေး မောင်တောမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)