Politics, Law & Military
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး၌ စိန်ခေါ်မှုများကို ဆက်လက် ကူညီပံ့ပိုးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ်ဆွေးနွေး
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းဆဲ ကာလ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ဆွီဒင်နိုင်ငံမှ ဆက်လက် ကူညီပံ့ပိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန် တို့သည် ဇွန် ၁၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် စတော့ဟုမ်းမြို့ရှိ ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆွီဒင်နိုင်ငံမှ ချမှတ်အကောင် အထည်ဖော်မည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ မူဘောင်သစ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့် နည်းပညာများ ဖလှယ်ရေးနှင့် ဈေးကွက်ဖန်တီးပေးရေး၊ ကုန်သွယ်ရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး တို့ကို အလေးထား ဆွေးနွေးကြသည်။
ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွီဒင်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက် ရေးဝန်ကြီး Mrs. Isabella Lovin တို့သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံ၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် သတင်း မီဒီယာ ပိုမိုလွတ်လပ်ရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။(Xinhua)