Politics, Law & Military
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ လူမွဲ ခံယူခြင်းဆိုင်ရာ ဥပဒေ(The Myanmar Insolvency Law) ဥပဒေကြမ်းအသစ်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်က အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
အဆိုပါ ဥပဒေကို ၁၉၀၉ ခုနှစ်တွင် စတင်ပြဌာန်းခဲ့ပြီး တင်သွင်းရခြင်းနှင့် ပတ်သက်ပြီး တရားသူကြီး က The Rangoon Insolvency Act ကို ၁၉၀၉ ခုနှစ်မှာ အိန္ဒိယ အက်ဥပဒေ အမှတ်(၃) အဖြစ် ပြဌာန်းခဲ့ကြောင်း၊ The Burma Insolvency Act ကို ၁၉၂၀ ခုနှစ်တွင် အိန္ဒိယ အက်ဥပဒေ အမှတ် (၅) အဖြစ် ပြဌာန်းခဲ့ကြောင်း၊ ထိုအက်ဥပဒေနှစ်ခုသည် လူပုဂ္ဂိုလ်ဆိုင်ရာ လူမွဲခံယူခြင်းအတွက် ပြဌာန်းထားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ခေတ်အခြေအနေနှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီ စေရန် လူပုဂ္ဂိုလ်ဆိုင်ရာ ကိစ္စများအပြင် ကုမ္ပဏီများ၊ မိုက်ခရို အသေးစားနှင့် အလတ်စား လုပ်ငန်းများ ပြန်လည် ထူထောင်ခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း ဆိုင်ရာ ကိစ္စများ ပြဌာန်းခြင်း၊ မြီရှင်နှင့် မြီစားတို့အကြား တရားရုံး ပြင်ပတွင် ညှိနှိုင်းမှု ပြုနိုင်သည့် ပြဌာန်းချက်များ၊မြီစားများ ပြန်လည် ၇ှင်သန်စေသော အခွင့်အရေး ပေးသည့် ပြဌာန်းချက်များ၊ နယ်စပ်ဖြတ်ကျော် လူမွဲမှုခင်းဆိုင်ရာ ပြဌာန်းချက်များ ပါဝင်သော ဥပဒေတစ်ရပ် လိုအပ်လာသဖြင့် မြန်မာနိုင်ငံ လူမွဲခံယူခြင်း ဆိုင်ရာ ဥပဒေကို အသစ်ရေးဆွဲရပြီး လွှတ်တော်သို့ တင်သွင်းရခြင်း ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော် အစည်းအဝေးသို့ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့ထက် နောက်မကျဘဲ အမည်စာရင်း ပေးသွင်းကြရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။(Xinhua)