Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးနောက်ဆုံးနေ့ဖြစ်သဖြင့် ပါတီ ကြော် ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်း

၂၀၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မဲဆွယ်စည်းရုံးစဉ်(ဓာတ်ပုံ- USDP)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ယနေ့(နိုဝင်ဘာ ၆ ရက်) ည ၁၂ နာရီသည် မဲဆွယ်စည်းရုံးရေးနောက်ဆုံးရက်ဖြစ်သဖြင့် ပါတီများ၏ ဆိုင်းဘုတ်များ၊ ပါတီအမှတ်တံဆိပ်၊ အလံများ ဖြုတ်သိမ်းလျက်ရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

“ပါတီဝင်ကလေးတွေကတော့ ပါတီဆိုင်းဘုတ်တွေဖြုတ်နေပါပြီ၊ အကုန်ဖြုတ်ပြီးမပြီးလည်း လိုက်စစ်ဆေးနေပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပုံက ဆင်ဟွာသို့ပြောကြားသည်။

ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦး အား လွတ်လပ်စွာ ဆန္ဒပြုနိုင်ရန် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန်မှ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခြင်းတို့ကို ရပ်နားရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

” ကားတွေမှာကပ်ထားတဲ့ စတေကာတွေလည်း ခွာထားပါတယ်။ အလံတွေလည်း သိမ်းထားလိုက်ပါပြီး” ဟု NLD ပါတီကို ဝန်းရံသူ တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ နှင့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားရမည့်ကာလအတွင်း Facebook၊ Twitter စသော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၊ အွန်လိုင်းဝက်ဘ်ဆိုက်များနှင့်မီဒီယာများမှ မဲဆွယ်စည်းရုံးရာရောက် သည့် Postများ၊ အကြောင်းအရာများ လွှင့်တင်ခြင်းမပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

“ပါတီဆိုင်းဘုတ်ဖြုတ်တာတွေကို ပါတီကလူတွေ လုပ်ထားပေးပြီ၊ မူလပါတီဆိုင်းဘုတ်ကလွဲလို့မဲဆွယ် venyl အားလုံးဖြုတ်ကြပြီ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးမြင့်ကြူက ဆိုသည်။

၂၀၂၀ မဲဆွယ်စည်းရုံးရေးနောက်ဆုံးနေ့ဖြစ်သည့် ယနေ့(နိုဝင်ဘာ ၆ ရက်)၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို ထောက်ခံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကို ထောက်ခံသူများက မြို့နယ်အသီးသီးတွင် မဲဆွယ်စည်းရုံးလှည့်လည်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

” စလင်းကြီးမှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် အချိန်ပေးပြီး လိုက်ဖြုတ်ထားတယ်၊ ဒီနေ့ နေ့လည်လောက်ထဲက၊ ကိုယ်တွေပါတီက လူနည်းတော့ ကိုယ်စားလှယ်လောင်းကိုယ်တိုင်လိုက်ဖြုတ်သိမ်းထားတယ်၊ ပါတီကြီးတွေကတော့ သူတို့ ရပ်ကျေးအဖွဲ့ဝင်တွေ ဘာတွေက ဖြုတ်သိမ်းပေးကြတယ်” ဟု ပြည်သူ့ပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်နေမျိုးက ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးသည့် ကြော်ငြာ ပိုစတာများကို မဲဆွယ်စည်းရုံး ခွင့်ပြု ထားသည့် နောက်ဆုံးရက် နိုဝင်ဘာ ၆ရက်နေ့ ည ၁၂:၀၀ နာရီ အချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည် ဖြစ်ပြီး သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ ပိုစတာများ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ကြောင်း၊ ယင်းသို့ ကြော်ငြာပိုစတာဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ် ကျသင့်ငွေအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)