Connect with us

Politics, Law & Military

၂၀၂၀ အလွန် အစိုးရသစ် ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေး အရွေ့

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတွင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့မှ ခေါင်းဆောင်များ စုပေါင်းမှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နေရာအများအပြား ထပ်မံ အနိုင်ရရှိခဲ့ခြင်း နှင့်အတူ ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများစွာရှိနေသလို တည်ငြိမ်အားကောင်းသော အခင်းအကျင်းတစ်ရပ်ကို မျှော်လင့်သုံးသပ်မှုများ ရှိလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လက ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၀ ရွေးကောက်ပွဲ အလွန် ပေါ်ထွက်လာမည့် အစိုးရတစ်ရပ်အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆက်လက်ဆောင်ရွက်ဖွယ်ရာများကို အဆင်ပြေချောမွေ့စွာ ဆက်လက် ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ အလွန် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ရပ်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားထားသည်။”၂၀၂၀ အလွန်မှာတော့ ငြိမ်းချမ်းရေးအတွက် လွန်ခဲ့တဲ့ ၅ နှစ်ထက် ပိုလွန်တဲ့ တိုးတက်မှုတွေရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ) 

COVID-19 ကြားက ရွေးကောက်ပွဲ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ သုံးကြိမ်မြောက် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် COVID-19 ကပ်ရောဂါအကြား ကျင်းပခဲ့ရသော်လည်း မဲဆန္ဒရှင်ပြည်သူများက ရောဂါကူးစက်မှုအန္တရာယ် စိုးရိမ်ပူပန်မှုများ အကြားမှပင် ဆန္ဒမဲရုံများရှေ့တွင် တန်းစီစောင့်ဆိုင်းရင်း ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအတွက် စိတ်အားထက်သန်စွာ မဲပေးခဲ့ကြသည်ကို နေရာဒေသအသီးသီးတွင် တွေ့မြင်ခဲ့ရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁,၁၁၇ နယ်အတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီကိုယ်စားပြု ကိုယ်စားလှယ် ၉၂၀ ဦးထိ အများဆုံး အနိုင်ရခဲ့ပြီး ပြည်ထောင်စုအဆင့်တွင် အစိုးရဖွဲ့နိုင်သည့် အရေအတွက်ကိုပင် ကျော်လွန်သွားခဲ့ကာ မဲဆန္ဒနယ်အားလုံး၏ ၈၃ ရာခိုင်နှုန်းကျော် အရွေးချယ်ခံရသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီ ၈၇ ပါတီအနက် နိုင်ငံရေးပါတီ ၁၉ ပါတီ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၇၁ ဦးဖြင့် ဒုတိယ အများဆုံး အဖြစ်လည်းကောင်း ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ် ၄၂ ဦးဖြင့် တတိယအများဆုံးအဖြစ် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲပြီးစ အခြေအနေ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား NCA လက်မှတ်ရေးထိုး နိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေး အောင်မြင် ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆွေးနွေးသွားရန် ရွေးကောက်ပွဲအပြီး တစ်ရက်အကြာ နိုဝင်ဘာ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်ကို တွေ့မြင်ရသည်။

ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ ရက်တွင် ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က တိုင်းရင်းသားပါတီများအနေဖြင့် အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီထံသို့ စာပေးပို့ အကြောင်းကြားခဲ့ခြင်း နှင့်အတူ တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရန် ပါတီဗဟိုအလုပ်အမှုဆောင်သုံးဦး ပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးကြီးလှသည့် ငြိမ်းချမ်းရေးမှတ်တိုင်တစ်ခုဟု ဆိုသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အား အပိုင်း သုံးပိုင်းဖြင့် ချုပ်ဆိုခဲ့ပြီး အပိုင်း(၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁) နှင့် အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်တို့ပါဝင်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ရပ်

၂၀၂၀ အလွန် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ရပ်ကိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားခဲ့ရာတွင် ပထမလုပ်ငန်းစဉ်တွင် အမျိုးသားရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်(၂)ရပ်ကို ဒွန်တွဲဖော်ဆောင်ခြင်း ၊ ဒုတိယလုပ်ငန်းစဉ်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်(၂)ရပ်ကို ပူးတွဲဖော်ဆောင်ခြင်း နှင့် တတိယလုပ်ငန်းစဉ်တွင် ပထမ လုပ်ငန်းစဉ် နှင့် ဒုတိယ လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ခဲ့သည်။

“ကျွန်တော်တို့လိုချင်တာက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့က သိသာတဲ့ တိုးတက်မှုမရှိဘူးဆိုပေမဲ့ ပြနိုင်တဲ့ဟာတွေလည်း ရှိပါတယ်။ အထူးသဖြင့်တော့ ၂၁ရာစုပင်လုံညီလာခံ ၄ကြိမ်ကျင်းပနိုင်ခဲ့တယ်။ပြည်ထောင်စုသဘောတူညီချက် ၃ရပ် ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ဒါတွေဟာ ရှေ့ဆက်သွားဖို့အတွက် အခြေအနေကောင်းတွေ ဖြစ်နေတယ်လို့ ကျွန်တော်တို့ က ယုံကြည်ပါတယ်။”ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့သည်။

NCA စာချုပ် ၅ နှစ်ပြည့်

လက်ရှိ ငြိမ်းချမ်းရေး အခင်းအကျင်း၏ အခြေခံအုတ်မြစ်ဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ငါးနှစ်ပြည့်မြောက်ချိန်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးကို ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)(၂) နှင့်(၃)တို့ သဘောတူညီ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်ကို တွေ့မြင်နိုင်သည်။

“လက်နက်ကို အားကိုးအားထားပြုပြီး “အင်အားသာ အဓိက”ဆိုတဲ့ ခံယူချက်တွေကြောင့် ကျွန်မတို့ နိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဟာ “အရှည်ကြာဆုံး ပြည်တွင်းစစ်”ဆိုတဲ့ နာမည်ဆိုးနဲ့ ခေါ်တွင်ခြင်း ခံခဲ့ရပါတယ်။ ဒီအစဉ်အလာတွေကို ချေဖျက်ပစ်ဖို့က ဒီကနေ့ ကျွန်မတို့ ကိုယ်တိုင်က ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်းပြီး အပေး-အယူ ၊ အလျော့-အတင်းနဲ့ လက်တွေ့လုပ်ကိုင်ပြနိုင်ဖို့ အထူးပဲ အရေးကြီးပါတယ်။”နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA စာချုပ် ၅ နှစ်ပြည့်မြောက်ချိန်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်အနေနဲ့ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းမှုရှိရေးဟာ အဓိက ကျတဲ့ အတွက် ထာဝရငြိမ်းချမ်းရေး ရရှိရေးကို ဒို့တာဝန်အရေး (၃)ပါးမူဘောင်ကလည်း မလွတ်ကင်း၊ NCA လမ်းကြောင်း မှလည်း သွေဖည်မသွားဘဲ တိုင်းရင်းသားညီနောင်များနဲ့ အတူလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသား ညီနောင်များကလည်း ပူးပေါင်းပါဝင်သွားကြပါ။” ဟု NCA စာချုပ် ၅ နှစ်ပြည့်ချိန်တွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့

ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၁၁ ခုနှစ် ဩဂုတ်လတွင် ဖိတ်ခေါ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပထမဆုံး လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးထားသဖြင့် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားကြပြီးဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက “မြန်မာနိုင်ငံအခြေအနေက ၁၉၄၈ခု လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းစစ်က ပေါက်ဖွားလာခဲ့တယ်။ အဲဒီလိုပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ကို ငြိမ်းသတ်မယ်ဆိုရင် မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်ကို မတည်ဆောက်လို့ မရတော့ဘူးလို့ ကျွန်မတို့က အခိုင်အမာလက်ခံထားပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေးကို စဉ်းစားရာတွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့်သာ မပြီးနိုင်ဘဲ အခြားသော လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများလည်း ဝင်ရောက်လာရန် လွန်စွာ အရေးကြီးကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စားပွဲခုံပေါ် ရောက်လာနိုင်အောင် NLD အစိုးရအနေဖြင့် ဦးဆောင်ဦးရွက်ပြုနိုင်သည့် အနေအထားကို ကြိုးပမ်းရန် လိုကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားခဲ့သည်။

အစိုးရသစ်ရဲ့ စိန်ခေါ်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လာမည့် အစိုးရ ဒုတိယသက်တမ်းတွင် အဓိကအားဖြင့် စိန်ခေါ်မှု နှစ်ချက် ရှိမည်ဟု ထင်မြင်ကြောင်းလည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ပြဿနာအားလုံးက နိုင်ငံရေးမှာ အခြေခံနေတယ်၊ အဲဒီတော့ နိုင်ငံရေးမှာ အမျိုးသားရင်ကြားစေ့ရေးကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဖို့ လိုပါတယ်။
အမျိုးသားရင်ကြားစေ့ရေးဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်သာမကပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အလွှာအသီးသီးမှ ပြည်သူများအားလုံးကြားမှာ တစ်အုပ်စုနဲ့ တစ်အုပ်စု ယုံကြည်မှု ကင်းမဲ့နေတာ၊ အပြန်အလှန်ပြစ်တင်ဝေဖန်နေတာတွေ ရပ်ဆိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ်။ အဲဒါက စိန်ခေါ်မှုတစ်ခုပါ။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ အများကြီး နောက်ကျနေခဲ့ပါပြီ၊ စီးပွားရေးအတွက် အခြေခံအဆောက်အဦးတွေဖြစ်တဲ့ လမ်းတံတား၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးနည်းစနစ်၊ သတင်းအချက်အလက်တွေ ရရှိရေး၊ ဒါကို တစ်ပြိုင်တည်း ဆောင်ရွက်သွားရမယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လတ်တလော ဆောင်ရွက်ရမည့် ရည်မှန်းထားသည့် လုပ်ငန်းများ အဖြစ် COVID-19 ကြောင့် ထိခိုက်သွားသော စီးပွားရေး ပြန်လည်ထူထောင်ခြင်း ၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အဓိကထား ထူထောင်ခြင်း ၊ အမျိုးသမီးများကို စီးပွားရေးတွင် ပိုမိုပါဝင်လုပ်ကိုင်စေခြင်း ၊ ဒီဂျစ်တယ်စီးပွားရေး နှင့် ဒီဂျစ်တယ် E-Goverment ဖော်ဆောင်ရေးတို့ကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့သည်။

သံတမန်ဆက်ဆံရေး

ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃)နိုင်ငံအနက် နိုင်ငံပေါင်း (၁၂၃)နိုင်ငံနှင့် သံတမန် ဆက်သွယ်မှု ထူထောင်ထားရှိသည့် မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် နီကာရာဂွါသမ္မတနိုင်ငံ နှင့် နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ပြီး နီကာရာဂွါသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၄)နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ ယင်းမှာ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၇၀)ပြည့် အခါသာမယတွင် လာရောက်သည့်ခရီးစဉ် တစ်ခု ဖြစ်လာခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် မတိုင်မီ “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ဆောင်းပါးကို ပြည်တွင်း နေ့စဉ် သတင်းစာ သုံးစောင် ဖြစ်သော မြန်မာ့ အလင်း ၊ ကြေးမုံ နှင့် The Global New Light of Myanmar တို့တွင် အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။

သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ်သည် နှစ်နိုင်ငံ ပြည်သူများအကြား တည်ရှိပြီးဖြစ်သော အစဉ်အလာရှိသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်၊ အေးအတူပူအမျှ မြန်မာ-တရုတ် အသိုက်အဝန်း ထူထောင်ပြီး မြန်မာ-တရုတ်ဆက်ဆံရေး ခေတ်သစ်ကို ဖော်ဆောင်ပေးနိုင်ရန်တို့အတွက် ထူးခြားသည့် အခွင့်အလမ်းဖြစ်ကြောင်းကို နှစ်ဖက်လုံးက အသိအမှတ်ပြုခဲ့ကြပြီး နယ်ပယ်အသီးသီးတွင် နှစ်ဖက် အပြန်အလှန် သွားလာမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ စနစ်တကျ စီစဉ်ဆောင်ရွက် သွားနိုင်ရေးအတွက် အတူတကွ ဆောင်ရွက်သွားကြရန် သဘောတူကြကြောင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS) တွဲဖက်အတွင်းရေးမှူး(၁) ဦးခင်မောင်လင်းက “နိုင်ငံခြားရေး မူဝါဒက အပြောင်းအလဲ မရှိနိုင်ပါဘူး ။နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရေး ၊ အပြန်အလှန် နားလည်မှု ရှိရေး ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စတဲ့ အခြေခံမူကြီးများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမှာပါ။”ဟု ဆင်ဟွာသို့ ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

ပြီးခဲ့သော အစိုးရသက်တမ်းအတွင်း နိုင်ငံတကာဆက်ဆံရေး အခြေအနေများကို ရခိုင်အရေးကြောင့် ပို၍ ဆိုးရွားမသွားစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည်ဟု သုံးသပ်နိုင်ကြောင်း ၊ သို့သော် မြန်မာနိုင်ငံ၏ အခက်အခဲများ အပေါ် မှန်မှန်ကန်ကန် ၊ မျှမျှတတ ရှုမြင်သုံးသပ်စဉ်းစားပြီး စေတနာစစ်မှန်သော ရိုးသားသော ကူညီပေးမှု ၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် နိုင်ငံအများက ဆက်ဆံလာစေရန် ဆက်လက် ကြိုးစားရမည် ဖြစ်ကြောင်း MISIS တွဲဖက်အတွင်းရေးမှူး(၁) ဦးခင်မောင်လင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို အစဉ်အမြဲ ကျင့်သုံးနိုင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း ၊ သို့သော် အိမ်နီးချင်းနိုင်ငံများသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့်အတွက် ကောင်းမွန်သည့် ဆက်ဆံရေးကို အိမ်နီးချင်းနိုင်ငံအားလုံးနှင့် ထူထောင်ထားရန် လိုကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သည့် တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပါဝင်တက်ရောက်ခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လာအိုနိုင်ငံ ဝန်ကြီးချုပ်ထံမှ လွှဲပြောင်းရယူခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဆွေးနွေးရာ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုပြီး အာဆီယံအသိုက်အဝန်း တည်ထောင်ရေး နှင့် ၂၀၃၀ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုလျက်ရှိပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ တိုးမြှင့်ရရှိရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များ၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှု နှင့် လက်နက်ခဲယမ်းများ တရားမဝင် ရောင်းဝယ်မှုစသည့် သမားရိုးကျ မဟုတ်သော စိန်ခေါ်မှု များအား ရင်ဆိုင်ဖြေရှင်းရေး လုပ်ငန်းစဉ်များတွင် မဲခေါင်-လန်ချန်း နိုင်ငံများ၏ ပေါင်းစည်းမှု အင်အားသည် များစွာအရေးကြီးကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တတိယအကြိမ် လွှတ်တော်အစည်းအဝေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၉၀ ကာလအတွင်း လွှတ်တော်အစည်းအဝေးများကို ကျင်းပရမည်ဖြစ်ကာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလသည် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက်ကြောင့် လွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန် လျာထားခဲ့သည်။

ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီက ပြည်သူများ၏ ယုံကြည်ထောက်ခံမှုဖြင့် အောင်နိုင်ခဲ့ခြင်း ဖြစ်၍ ပြည်သူများ၏ မျှော်လင့်ချက် များကို အကောင်အထည်ဖော်ပေးရေး ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေး ၊ နိုင်ငံတော် ငြိမ်းချမ်း သာယာတိုးတက် ဖွံ့ဖြိုးရေးတို့ကို ဦးတည်၍ တတ်စွမ်းသမျှ ကာယအား ၊ ဉာဏအား တို့ဖြင့် တာဝန်များ ထမ်းဆောင်ရန် သန္နိဌာန် ခိုင်မာစွာ ချမှတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ အပြီး ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထင်ရှားသည့် ဖြစ်စဉ်

၂၀၂၀ ပြည့်နှစ်အတွင်း ထင်ရှားသည့် ဖြစ်စဉ်ဖြစ်ရပ်ပေါင်းများစွာ ရှိခဲ့သည့်အနက် နိုင်ငံရေး ၊ ငြိမ်းချမ်းရေး နယ်ပယ် ကဏ္ဍတွင် ၅ နှစ်လျှင် တစ်ကြိမ် ကျင်းပရသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်း ၊ အနိုင်ရပါတီ NLD ၏ ထပ်မံအနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များ ၊ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း နှင့် ငြိမ်းချမ်းရေးတွင်လည်း ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့နှင့်အတူ ထင်ရှားခဲ့သည့် နှစ်တစ်နှစ်ပင် ဆိုရပေလိမ့်မည်။ (Xinhua)
#အစိုးရသစ် #ငြိမ်းချမ်းရေး #ရွေးကောက်ပွဲ #ဆင်ဟွာ #Xinhua