Politics, Law & Military
ကလေးအလုပ်သမား ပပျောက်ရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ကလေးအလုပ်သမား ပပျောက်ရေးသည် မြန်မာနိုင်ငံအတွက် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ် သည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ပြောကြားခဲ့သည်။
“ကလေးအလုပ်သမား ပပျောက်ရေးဟာ မျက်မှောက်ခေတ်ရဲ့ Global Issue တစ်ခု ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်သလို အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်လို့ ကာလတို ဆောင်ရွက်လို့ မရနိုင်တာကြောင့် ဆက်စပ်ကဏ္ဍ ပေါင်းစုံ ပါဝင်ပြီးလက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် မိမိနိုင်ငံရဲ့ အခြေအနေနဲ့ လျော်ညီတဲ့ အမျိုးသား အဆင့် လုပ်ငန်း စီမံချက်ထွက်ပေါ်လာဖို့ အရေးကြီးပါတယ်” ဟု ယနေ့နံနက် နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သော ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်း အဝေး၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ကောက်ယူခဲ့သော Labour Force Survey အရ မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော် ရှိသည့်အနက် ကလေး အလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိပြီး ခြောက်သိန်း ကျော်တို့သည် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေရသည့် အသက် ၁၈ နှစ်အောက် ကလေးများ ဖြစ်သည်ကို သိရကြောင်း၊ ထိုလုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ်စောင့်ရှောက် ပေးရန် အမျိုးသား အဆင့် ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်း စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် ILO Convention No. (182) ဖြစ်သော “အဆိုးရွားဆုံး ပုံစံဖြင့် ကလေး အလုပ်သမား ခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက် အမှတ် (၁၈၂)ကို ၂၀၁၃ ဒီဇင်ဘာ ၁၈ ရက်တွင် သဘောတူ လက်မှတ်ထိုးခဲ့ပြီး ကလေး အလုပ် သမားများနှင့် ပတ်သက်၍ ILO, UNICEF တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။
ဒုတိယ သမ္မတ(၁) အဖွင့် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယ အကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)
ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကလည်း မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၁၈ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပထမအကြိမ် အစည်းအဝေး ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ကိုးချက် ချမှတ်နိုင်ခဲ့ကြောင်း၊ ယခု အစည်းအဝေးသည် ဒုတိယ အကြိမ်ဖြစ်ပြီး ပြည့်စုံကောင်းမွန်သော အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ပေါ်ထွက်လာရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကို ကာလတို ငါးနှစ် — သုံးကြိမ်၊ ကာလရှည် ၁၅နှစ် လျာထား ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ပထမ ငါးနှစ် စီမံကိန်းတွင် ခိုင်မာ တိကျသော အချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့် တင်ခြင်း၊ ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးခြင်း၊ ဥပဒေပိုင်း ဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမို အားကောင်းလာစေခြင်း၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်း ခံနေရသော ကလေး အလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည် ကုစားခြင်း၊ မိသားစုများအတွက် ပိုမို ကောင်းမွန် သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ရှိစေခြင်း စသည့် ရည်မှန်းချက် ခြောက်ရပ် ပါဝင်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ခဲ့ကြပြီး လုပ်ငန်း ကော်မတီ ရှစ်ရပ်၏ လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်း စီမံချက် (မူကြမ်း)တို့နှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေး ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခြင်း၊ ကော်မတီဝင်များက ကိစ္စရပ် တစ်ခုချင်း အလိုက် ဝိုင်းဝန်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)