Politics, Law & Military
တရုတ် – မြန်မာ ဇီဝ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန နှင့် တရုတ် သိပ္ပံ အကယ်ဒမီတို့ ပူးပေါင်း စီစဉ်သည့် ဇီ၀ မျိုးစုံ မျိုးကွဲ စာရင်းကောက်ယူခြင်းနှင့် ကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်း၏ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နေပြည်တော် Grand Amara ဟိုတယ်၌ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကျင်းပခဲ့သည်။
နှီးနှောဖလှယ်ပွဲ တွင်သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် က မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ဇီ၀ မျိုးစုံ မျိုးကွဲများ ကာကွယ် ထိန်းသိမ်းခြင်း ဆိုင်ရာ စီမံချက်ကို ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွက် ရေးဆွဲ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ဇီ၀ မျိုးစုံ မျိုးကွဲ သုတေသန လုပ်ငန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အပြင် သစ်တောဦးစီးဌာနက ဆောင်ရွက်မှုများမှတစ်ဆင့် အပင်မျိုးစိတ် ပေါင်း ၁၁၈၂၄ ခန့် ရှိသည်ကို တွေ့ရှိရကြောင်း၊ ယခု စီမံကိန်း၏ ဆက်လက် ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် အပင်မျိုးစိတ် အသစ်များ၊ ရေနေ သတ္တဝါ မျိုးစိတ်အသစ်များ၊ တောရိုင်း တိရစ္ဆာန်များ ဆိုင်ရာ အချက်အလက်များ ကို ဖော်ထုတ်ရရှိလာနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဇီ၀ မျိုးစုံ မျိုးကွဲ ကြွယ်ဝမှုကို အထောက်အကူပြု နိုင်မည့် ကိန်းဂဏန်း အချက်အလက်များ ရရှိလာနိုင်မည် ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ကိုယ်စားလှယ် Dr. Su Zhe အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)
တရုတ် သိပ္ပံ အကယ်ဒမီ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Dr. Yin Li အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)
Xishaungbanna အပူပိုင်းဒေသ ရုက္ခဗေဒဥယျာဉ် ညွှန်ကြားရေးမှူးချုပ် Dr. Jin Chen အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)
အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြစဉ် (ဆင်ဟွာ)
အဆိုပါ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကိုယ်စားပြု တက်ရောက်ခဲ့သည့် Dr. Sue Zhe က “ သိပ္ပံနဲ့ နည်းပညာမှာ နှစ်နိုင်ငံ သဘောတူ ပူးပေါင်း ဆောင်ရွက်မှုကို ကျွန်တော်တို့ သံရုံးက အလေးအနက်ထားပါတယ်၊ Chinese Academy of Science နဲ့ မြန်မာနိုင်ငံ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေတဲ့ သိပ္ပံ သုတေသန လုပ်ငန်းတွေ လုပ်နေတဲ့ Southeast Asia Biodiversity Research Center ကိုလည်း ဆက်ပြီး ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် တရုတ် သိပ္ပံ အကယ်ဒမီ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် Dr. Yin Li ကလည်းကောင်း၊ Xishaungbanna အပူပိုင်းဒေသ ရုက္ခဗေဒဥယျာဉ် ညွှန်ကြားရေးမှူးချုပ် Dr. Jin Chen တို့ကလည်းကောင်း အမှာစကားများ အသီးသီး ပြောကြားခဲ့ကြ သည်။
နှစ်ရက်တာ ပြုလုပ်မည့် အဆိုပါ နှီးနှောဖလှယ်ပွဲသို့ သစ်တော ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ တရုတ် သိပ္ပံ အကယ်ဒမီမှ ကိုယ်စားလှယ် များ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဇီ၀ မျိုးစုံ မျိုးကွဲဆိုင်ရာ သုတေသန စာတမ်း ၁၅ စောင် တင်သွင်း ဖတ်ကြားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)