Politics, Law & Military
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း
ရန်ကုန် ၊ မေ ၂ ရက် (ဆင်ဟွာ)
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို အတည်ပြု ပေးနိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ယနေ့မေလ ၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
နိုင်ငံသားများ၏ မှုလ အခွင့်အရေးကို ကန့်သတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးသည့် ပြဌာန်းချက်များနှင့် ဆန့်ကျင်နေသောကြောင့် ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဦးကျော်စိုးလင်းက လွှတ်တော်သို့တင်သွင်းရာတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် နိုင်ငံတော်၏ အခြေခံမူများပါ ပြဌာန်းချက်နှင့် ညီညွှတ်မှု မရှိခြင်း ၊ နိုင်ငံသားများ၏ အခွင့်အရေး တစ်စုံတစ်ရာ သို့မဟုတ် အများကို ကန့်သတ်သည့် ဥပဒေ ဖြစ်သဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေခြင်း ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ၊ တစ်ပါတီ ခေတ်တွင် ပြဌာန်းထားသည့် ဥပဒေ ဖြစ်သဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် လိုက်လျော ညီထွေမှု မရှိခြင်း ၊ နိုင်ငံတော် ဘေးအန္တရာယ် ကျချိန်တွင် ဆောင်ရွက်ရန် ပြဌာန်းထားသည့် ဥပဒေ ဖြစ်သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အရေးပေါ် ကာလ ပြဌာန်းချက်တွင် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ပြဌာန်းပြီး ဖြစ်သောကြောင့် ထိုဥပဒေကို ဆက်လက် ကျင့်သုံးရန် မလိုအပ်တော့ခြင်း ၊ ဥပဒေ၏ အနှစ်သာရ ဖြစ်သည့် သက်ဆိုင်ရာ တရားရုံးမှ ပြစ်မှု ကျူးလွန်ကြောင်း မဆုံးဖြတ်သေးသ၍ အပြစ်မဲ့သူဟု မှတ်ယူရမည့်မူနှင့် ဆန့်ကျင်လျက် ရှိခြင်း ၊ စွပ်စွဲချက် သက်သက်ဖြင့် မကျူးလွန်ရသေးသော ပြစ်မှု အတွက် ကြိုတင် အပြစ်ပေးရာ ရောက်နိုင်ခြင်းသည် မလိုလားအပ်သော အရာ ဖြစ်ခြင်း တို့ကို တွေ့ရှိရသဖြင့် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို အတည်ပြု ပေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က စိစစ်တွေ့ရှိချက် အစီရင်ခံစာအား တင်ပြခဲ့သည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအား မေလ ၅ ရက် နောက်ဆုံးထား အမည်စာရင်း တင်သွင်းရန် ကြေညာခဲ့သည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ၁၉၇၅ ခုနှစ် တစ်ပါတီ စနစ် ကျင့်သုံးစဉ်က ပြဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပြီး ထိုစဉ်က နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါး နှောက်ယှက်သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် လိုအပ်ပါက နိုင်ငံတော်၏ ဒေသ တစ်ခုခုတွင် ဖြစ်စေ ၊ ဒေသ တစ်ချို့တွင် ဖြစ်စေ ၊ နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်စေ အရေးပေါ် အခြေအနေ ကြေညာပြီး ထိုဒေသများတွင် နေထိုင်သော နိုင်ငံသားများ၏ မှုလ အခွင့်အရေး တစ်ရပ်ရပ်ကို လိုအပ်သလို ကန့်သတ် ကြေညာနိုင်ရန် ပြဌာန်းခဲ့သည့် ဥပဒေ ဖြစ်ကြောင်း သိရသည်။ (Xinhua)