Politics, Law & Military
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ အစည်းအဝေးကျင်းပ
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို မေ ၁၆ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃)ကြိမ်တွင် အစည်းအဝေးဆုံးဖြတ်ချက် စုစုပေါင်း (၂၃)ချက် ချမှတ်ခဲ့ကာ ဆောင်ရွက်ပြီးစီးမှု (၈)ချက်ရှိပြီး ဆောင်ရွက်ဆဲ(၁၅)ချက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများထဲမှ အချိန် တိုတိုနှင့် ပြီးမြောက်ရမည့်လုပ်ငန်းများကို နောက်လာမည့် အစည်းအဝေးမတိုင်မီ ပြီးမြောက် အောင်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကို အချိန်ကာလ သတ်မှတ်ပြီး ပြီးစီးအောင် ဆောင်ရွက်သွားကြစေလိုကြောင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသသည် ၂၈၃၂ ကီလိုမီတာ ခန့်ရှည်လျားကာ ကမ်းဦး ရေတိမ်ပိုင်း ရေပြင်အကျယ်အဝန်းမှာ ၂၃၀၀၀၀ စတုရန်း ကီလိုမီတာခန့် ကျယ်ဝန်းပြီး ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်း၊ လတာပြင်၊ မြစ်ဝနှင့် သဲသောင်ကမ်းခြေ ဂေဟစနစ်များ တည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါ ဂေဟစနစ်များသည် ကမ်းရိုးတန်းဒေသစနစ်ကြီးတစ်ခုလုံး ပုံမှန်လည်ပတ်နိုင်ရန်အတွက် ကိုယ်စီကိုယ်ငှလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း ၎င်းက ဆိုသည်။
ကမ်းရိုးတန်းဒေသတွင် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ပင်လယ် ကမ်းရိုးတန်း သယံဇာတများ ထိခိုက်မှုမရှိအောင် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများ၊ ဒေသခံများနှင့်ပူးပေါင်းကာ ဂေဟစနစ် များ မပျက်စီးရေး၊ ပင်လယ်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။(Xinhua)