Connect with us

Politics, Law & Military

မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မြန်မာ့မီးသတ်တပ်ဖွဲ့ကို အင်အားဖြည့်တင်းမည်

ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဗဟိုမီးသတ်သင်တန်းကျောင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြင်ဦးလွင်၌ ပြုလုပ်သော လက်ထောက်မီးသတ်ဦးစီးမှူးလောင်း သင်တန်း အမှတ်စဉ် ၁၅/၂၀၁၆ သင်တန်းဆင်းစစ်ရေးပြ အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

နေပြည်တော်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနတွင် မီးသတ်ဝန်ထမ်းများ လုံလောက်စွာ ရရှိရေး၊ ဘဏ္ဍာနှစ်အလိုက် မီးသတ်ယာဉ်များ တိုးချဲ့ဖြည့်တင်းရေးတို့ကို ဆောင်ရွက်ကာ မီးသတ်တပ်ဖွဲ့ကို အင်အား ဖြည့်တင်း သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ပြည်သူလူထုအတွင်း မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါတယ်၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် မီးသတ်ဝန်ထမ်းများအား စွမ်းရည် မြှင့်တင်ခြင်း၊ ဝန်ထမ်း လုံလောက်စွာ ရရှိရေးအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက် စည်းရုံး ခန့်ထားခြင်း၊ ဘဏ္ဍာနှစ်အလိုက် မီးသတ်ယာဉ်များ တိုးချဲ ့ဖြည့်တင်းခြင်း လုပ်ငန်းတွေကို လုပ်ထုံး လုပ် နည်းများနဲ့အညီ စီမံ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်၏ “မြန်မာ တစ်နိုင်ငံလုံးတွင် မီးဘေး အန္တရာယ်ကို ကြိုတင် ကာကွယ်ရန်အတွက် မည်သို့စီမံ ဆောင်ရွက်ထား သနည်း၊ မီးလောင်စဉ် အချိန်မီ ငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ယာဉ်နှင့် ဝန်ထမ်းများ လုံလုံ လောက်လောက် ဖြည့်တင်း ထားရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မီးသတ်ယာဉ် စီးရေမှာ ၂၀၁၁ ခုနှစ် မတိုင်မီက ၁၂၈၂ စီး ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁၇၃၉ စီးထိ ဖြည့်တင်းလာနိုင်ကြောင်း၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အတွင်း ပြထဲရေးဝန်ကြီးဌာန ဘတ်ဂျက်အရ ၂၀၅ စီး ထပ်မံ ဖြည့်တင်းရန် စီစဉ်ထားကြောင်း၊ ပင်လယ်ပြင် မီးငြိမ်းသတ်နိုင်ရေးအတွက် အပါအဝင် အဆင့်မြင့် မီးသတ်ယာဉ် များ ဖြည့်တင်းရန် ပိုလန်နိုင်ငံမှ ချေးငွေ ယူရိုသန်း ငါးဆယ်ဖြင့် အဆင့်မြင့် မီးသတ်ယာဉ် ၆၅ စီး ဝယ်ယူရေး အတွက် ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ရာ မီးသတ်ယာဉ် စုစုပေါင်း ၃၂၉၁ စီး ရှိလာ တော့မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

မီးသတ် တပ်ဖွဲ့ဖွဲ့စည်းပုံ၊ လက်ရှိ အင်အားတို့နှင့် ပတ်သက်ပြီး “ဖွဲ့စည်းပုံအရ အရာထမ်း ၇၃၅ ဦး၊ အမှုထမ်း ၂၃၈၆၄ ဦး — စုစုပေါင်း ၂၄၅၉၉ ဦး ရှိရမှာပါ၊ လက်ရှိမှာ အရာထမ်း ၂၅၃ ဦး၊ အမှုထမ်း ၉၃၄၁ ဦး — ပေါင်း ၉၅၉၄ ဦး ရှိတဲ့ အတွက် ဖွဲ့စည်းပုံ ပြည့်ဖို့ ၁၅၀၀၅ ဦး နေရာ လစ်လပ်နေ ပါတယ်၊ ဒါကြောင့် တိုင်းဒေသကြီး နဲ့ ပြည်နယ်များအလိုက် ဝန်ထမ်းအသစ်တွေ ရရှိစေဖို့ စည်းရုံး ခန့်ထား မှုတွေ ဆောင်ရွက်နေပါတယ်” ဟုလည်း ဗိုလ်ချုပ် အောင်စိုးက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.