Politics, Law & Military
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ငွေစက္ကူအတု ၁၇၃ သိန်း သိမ်းဆည်းရမိ
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် ကျိုက်ထိုမြို့ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားအနီးရှိ ထမင်းဆိုင်ရှေ့တွင် မြန်မာငွေစက္ကူအတု ငွေကျပ် ၁၇၃ သိန်း အား ဇွန်လ ၁၃ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိမ်ဇရပ် ရဲစခန်း မှ ဒုရဲအုပ်လှဖုန်းက ယနေ့ ဆင်ဟွာကို ပြောသည်။
ဒုရဲအုပ်လှဖုန်း က “မဲဆောက်ကနေပြီး သူတို့က သယ်လာခဲ့တာ ။ စတိုးဆိုင်တစ်ခုမှာ ပိုက်ဆံသုံးတော့ စတိုးရှင်က မသကာၤလို့ အကြောင်းကြားခဲ့တာပါ။ သတင်းအရ ဖမ်းဆီးခဲ့တာပါ။’’ ဟုပြောသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက်နေ့ တွင် ကျိုက်ထိုမြို့ဈေးနှင့် လမ်းရှိဆိုင်များတွင် ယာဉ်တစ်စီးနှင့် လူငါးဦးသည် ငွေအတုများဖြင့် ဈေးလိုက်ဝယ်နေကြောင်း သတင်းအရ မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ အောင်မိတ်ဆက် ထမင်းဆိုင်ရှေ့၌ စောင့်ဆိုင်းနေစဉ် ကျိုက်ထိုဘက်မှ ဝေါမြို့နယ်ဘက်သို့ မောင်းနှင်လာသော Probox (ပရိုဘောက်စ်) အမျိုးအစား ခဲရောင်ယာဉ်အမှတ် CC/—- အားရပ်တန့် စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်နေသူ ဇော်နိုင်အေး ၃၂ နှစ်၊ မြောက်ဥက္ကလာပမြို့နယ် နေသူများဖြစ်ကြသည့် အေးရွှေ ၄၅ နှစ်၊ မြင့်ဇော်ဦး ၅၂ နှစ်၊ မျိုးမင်းသူ ၂၆ နှစ်၊ စိုးသက်လွင် ၂၈ နှစ်တို့အား တွေ့ရှိခဲ့ပြီး အဝတ်အစား အိတ်များ နှင့်အတူ ၎င်းတို့၏ ပိုက်ဆံအိတ်များ အတွင်းမှငွေစက္ကူ အတုဟုယူဆရသော ငွေကျပ် ၁၀,၀၀၀ တန်တစ်အုပ်လျှင် အရွက် ၁၀၀ ပါ ၁၅ အုပ် ၃၀ ရွက်နှင့် ငွေကျပ် ၅၀၀၀ တန် အရွက် ၁၀၀ ပါ လေးအုပ် စုစုပေါင်းငွေစက္ကူ အတု ငွေကျပ် ၁၇၃ သိန်းကို သိမ်းဆည်း ရမိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူ အတု ပြုလုပ်၍ လက်ဝယ် ထားရှိသူ ဇော်နိုင်အေး၊ အေးရွှေ၊ မြင့်ဇော်ဦး၊ မျိုးမင်းသူ၊ စိုးသက်လွင်တို့အား သိမ်ဇရပ် နယ်မြေ ရဲစခန်းက (ပ)၁၃၆/၂၀၁၇၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး ငွေစက္ကူအတု ထုတ်လုပ်မှုများနှင့် ပတ်သက်၍ ဆက်လက် စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။ (Xinhua)