Politics, Law & Military
ရွေးကောက်ပွဲအတွက် ပြည်ပ ကြိုတင်မဲ ခုနစ်သောင်းခွဲခန့် ရရှိခဲ့ပြီး ပြည်တွင်း ကြိုတင်မဲ သုံးသန်းခန့် ရရှိထားပြီဟုဆို
နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ပသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများထံမှ ကြိုတင်မဲ စုစုပေါင်း ခုနစ်သောင်းခွဲခန့် ရရှိခဲ့ပြီး ပြည်တွင်း ကြိုတင်မဲ သုံးသန်းခန့်ရရှိထားပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဆင်ဟွာသို့ ဖြေကြားခဲ့သည်။
“ပြည်ပ ကြိုတင်မဲတွေက ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၈ရက် ညနေ အထိ အကျုံးဝင်ပါတယ်၊ UEC က အောက်တိုဘာ ၂၈ ရက်နေ့အထိ သတ်မှတ်ထားခဲ့ရာမှာ အောက်တိုဘာ ၂၆ ရက်မှာ အကုန် ရရှိခဲ့တယ်၊ စုစုပေါင်း ခုနစ်သောင်းခွဲခန့်ရှိတယ်” ဟု ၎င်းက ပြောခဲ့သည်။
အလားတူ ပြည်တွင်း ကြိုတင်မဲများဖြစ်ကြသည့် အသက် ၆၀ ပြည့်နှင့် အထက်ရှိသူများ၊ ကျန်းမာရေး ကြောင့် မဲရုံသို့ မလာရောက်နိုင်သူများ နှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လမ်းညွှန်မှုများ ကြောင့် Stay at home မိပြီး မိမိတို့၏ မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိနေသူများ အတွက် ကြိုတင်မဲများ ကောက်ယူခြင်းကိုလည်း အောက်တို ဘာ ၂၉ ရက်နေ့မှ စတင်ပြီး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃ ရက်နေ့အထိ ကြိုတင်မဲ စုစုပေါင်း သုံးသန်းခန့်ရရှိထားပြီ ဖြစ်ကြောင်း UEC ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲပေးခွင့် ရှိသူ ဦးရေ စုစုပေါင်းမှာ သန်းခေါင်းစာရင်းအရ မူလက ၃၈ သန်းခွဲ ရှီခဲံသော်လည်း ရွေးကောက်ပွဲ မကျင်းပ နိုင်သည့် မြို့နယ် ၁၅ မြို့နယ်နှင့် ကျေးရွာ အုပ်စု ၆၆၅ ခုတို့ရှိ မဲပေးခွင့် ရှိသူများကို ဖယ်လိုက်ပါက မဲပေးခွင့်ရှိသူ ဦးရေမှာ ၃၇ သန်းနှင့် သုံးသိန်းသာ ကျန်ရှိတော့ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)