Politics, Law & Military
လားရှိုးမြို့၌ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ထား
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယခု အချိန်တွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက် ထားကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝေလင်းအောင်က ယနေ့ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆင်ဟွာသို့ ပြောကြား ခဲ့သည်။
ယခုအခါတွင် ပေါက်ကွဲမှု နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီး လားရှိုးမြို့အား လုံခြုံရေး တိုးမြှင့်ထားကြောင်း ၊ လက်ရှိ အခြေအနေတွင် ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေသူ ၆ ဦးသာ ကျန်ရှိတော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းဆုံရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ(၁)၏ ဘေးဘက် ရေမြောင်း နေရာ၌ ဖေဖော်ဝါရီ ၂၁ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့ထောင်ထားသည့် ဒေသန္တရ မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရိုးမ ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
ထိုပေါက်ကွဲမှုကြောင့် ရိုးမဘဏ် အဆောက်အဦ အတွင်းပိုင်း နေရာများ၌ ပျက်စီး ဆုံးရှုံးမှု များပြားခဲ့ကာ အနီး ပတ်ဝန်းကျင်ရှိ အဆောက်အဦများ တွင်လည်း ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ မိုင်းရှင်းလင်းရေးလုပ်ငန်းများ အပါအဝင် ဆေးဝါး ကုသပေးမှုများ ၊ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)