Politics, Law & Military
အိန္ဒိယနိုင်ငံ ပို့ဘလဲယားရှိ ယာယီထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာ ရေလုပ်သား ၇ ဦး ပြန်လည် ရောက်ရှိ
ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကာလ ပြီးဆုံးပြီးနောက် ယာယီထိန်းသိမ်းရေးစခန်းများ (Open Distress Camp) တွင် ထိန်းသိမ်းခံထားသူ မြန်မာ ရေလုပ်သား ၇ ဦးသည် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ပြန်လည် ရောက်ရှိ လာခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာရေလုပ်သားများ ဖြစ်ကြသည့် ဟိန်းထက် အပါအဝင် ရေလုပ်သား ၇ ဦး တို့သည် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုချက်ရရှိပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံမှ စေတနာရှင်များ၏ လေယာဉ်စရိတ် ကျခံမှုဖြင့် ပြန်လည် ရောက်ရှိ လာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများမှ ကြိုဆို၍ လိုအပ်သည်များအား ကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသူ ရေလုပ်သားများအား မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် ကူညီ ဆောင်ရွက် ပေးခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ၂၇၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၃၃ ဦး နှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၅ ရက်အထိ ၅၈ ဦးတို့အား ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယား အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသူများနှင့် ပတ်သက်၍ မြန်မာသံရုံး၊ နယူး ဒေလီမြို့ နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့တို့မှ အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ကောင်စစ်ဆိုင်ရာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရန်အတွက် အချက်အလက်များ ကောက်ခံခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း ၊ နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုချက် ရရှိသူများအား နိုင်ငံခြား ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဌာန တို့ အပြင် ကူညီလိုသည့် စေတနာရှင်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။(Xinhua)