Connect with us

Science & Technology

မြန်မာတစ်နိုင်ငံလုံးသို့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝ၉ ထုတ်လုပ်ဖြန့်ဖြူးပေးမည်

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးသို့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းပြီးစီးလျှင် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝ၉ ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ဘက် မိုင် ၂ဝခန့်အကွာ မြစ်ငယ်မြစ် (ဒုဋ္ဌဝတီမြစ်)ပေါ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင် အထည်ဖော် ရေးဦးစီးဌာန အမှတ်(၃)တည်ဆောက်ရေးမှ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပြီးစီးပါက ၂၈ဝ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၁၄ဝ၉ ကို ဓာတ်အားကွန်ရက်စနစ်မှ မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်လုပ် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဓိကတည်ဆောက်ရေးလုပ်ငန်းများဖြစ်သော ရေလွှဲဥမင်လိုဏ် လုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်း၊ ရေသွယ်ဥမင်လိုဏ် လုပ်ငန်းတို့အား ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏ ၃၂ ဒသမ ၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စီမံကိန်းအနီးတောင်ခြေကျေးရွာသို့ ၁၁ကေဗွီ ဓာတ်အားလိုင်းနှင့် ၄ဝဝ ဗို့ ဓာတ်အားလိုင်းများကို အမှတ်(၃)တည်ဆောက်ရေးမှ သွယ်တန်းပေးခဲ့ပြီး ကျေးရွာမီးလင်းရေးကော်မတီ၊ ကျောက်မဲ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတို့နှင့် ပူးပေါင်းကာ ၂ဝ၁၇ ခုနှစ် မေ ၂၉ ရက် က တောင်ခြေကျေးရွာသို့ စီမံကိန်းလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားများကို ခွဲဝေပို့လွှတ် ဖြန့်ဖြူးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာများဖြစ်သော မန်ထန်၊ ပန်ဆုံ၊ နမ့်ဟူးနှင့် ရွှေကျောင်းကျေးရွာများသို့ ၁၁ကေဗွီ ဓာတ်အားလိုင်းနှင့် ၄ဝဝ ဗို့ ဓာတ်အား လိုင်းများ သွယ်တန်းခဲ့ပြီး ဇွန် ၁၈ ရက်က နမ့်ဟူးနှင့် ရွှေကျောင်းကျေးရွာများသို့ လည်းကောင်း၊ ဇွန် ၂ဝ ရက်က မန်ထန်နှင့် ပန်ဆုံကျေးရွာများသို့လည်းကောင်း လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခဲ့ပြီး ယခုအခါ အဆိုပါ ကျေးရွာ များရှိ ဒေသခံများ လျှပ်စစ်ဓာတ်အားသုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်၍ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လွယ်စောင့်ကျေးရွာသို့ ဓာတ်အား လိုင်းသွယ်တန်းရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိစေရေး၊ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်အကောင် အထည်ဖော်ရေး ကာလမှာပင် စီမံကိန်းပတ်ဝန်းကျင်အနီးရှိ ကျေးရွာများအား စီမံကိန်း လျှပ်စစ်ဓာတ်အားများကို ခွဲဝေပို့လွှတ်ကာ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.