Science & Technology
ရန်ကုန်မြို့၌ နေ့စဉ် ရေဂါလံ သန်း ၅၀၀ ကျော် ပေးဝေနိုင်သော ဇုန်များ တည်ဆောက်မည်
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်မြို့၌ နေ့စဉ် ရေဂါလံသန်း ၅၀၀ ကျော် ပေးဝေနိုင်သော ဇုန်များ တည်ဆောက်မည် ဖြစ်ကြောင်း မြို့ပြ စီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှု ဌာနမှ ဒုတိယ ဌာနမှူး ဒေါက်တာ တိုးအောင်က ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် Renaissance Institute တို့ ပူးပေါင်း ကျင်းပသော ရန်ကုန်မြို့ ဘက်စုံ ဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့၏ Master Plan ရှင်းလင်းချက်၌ နောင်အနာဂါတ်တွင် ရန်ကုန်မြို့ ပြည်သူများ ရေလုံလောက်စွာ ရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရန်ကုန်မြို့တွင် လူဦးရေ ငါးသန်းကျော် နေထိုင်လျက် ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် နေ့စဉ် ရေဂါလန် သန်းပေါင်း ၂၀၀ ကျော် ဖြန့်ဖြူးပေးလျက် ရှိသည်။
ရန်ကုန်မြို့ရှိ လူဦးရေသည် လာမည့် နှစ်ပေါင်း ၃၀ အတွင်း လူဦးရေ ၁၀ သန်းကျော် အထိ ပိုမို တိုးပွားလာမည် ဖြစ်သောကြောင့် ဇုန်များ အကောင်အထည်ဖော် တည်ဆောက်၍ ရေတို ၊ ရေလတ်၊ ရေရှည် စီမံကိန်းများနှင့် အတူ နေ့စဉ် ရေဂါလန် သန်းပေါင်း ၅၀၀ ကျော်အထိ ပေးဝေနိုင်ရေး ဇုန်များ အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်ထားလျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့နေ ပြည်သူများသို့ နေ့စဉ် ရေဂါလန်သန်းပေါင်း ၂၀၀ ကျော်ပေးဝေလျက်ရှိသည့် ရေ အရင်းအမြစ် များမှာ ဂျိုးဖြူရေလှောင် ကန်၊ ငမိုးရိပ်ရေလှောင်ကန်၊ ဖူးကြီးရေ လှောင်ကန်၊ ညောင်နှစ်ပင်ရေသန့်စင် စက်ရုံနှင့် လှော်ကားရေလှောင်ကန်တို့မှ သွယ်တန်း ဖြန့်ဖြူးပေးလျက် ရှိသည်။
အဆိုပါ ရေအရင်းအမြစ်များအပြင် ကုက္ကိုဝမြစ်နှင့် တိုးမြစ်တို့တွင် မြစ်ရေတင်စီမံကိန်းကြီးများ တည်ဆောက်၍ ရေသန့်စင် စက်ရုံကြီးများမှ တစ်ဆင့်ဇုန်များ အကောင်အထည်ဖော်ကာ နေ့စဉ် ရေဂါလန်သန်းပေါင်း ၅၀၀ ကျော် ပေးဝေနိုင်သည် အထိ လုပ်ဆောင်မည်ဖြစ်သည်။
ရေပေးဝေရေး ဇုန်များကိုလည်း ဇုန် (၁) မှ ဇုန်(၁၀)အထိ ကန့်သတ် သတ်မှတ်သွားမည် ဖြစ်ပြီး ဇုန် (၁) တွင် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ဗဟန်း၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဇုန် (၂) တွင် ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ တာမွေ၊ ဇုန် (၃) တွင် ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ တောင်ဥက္ကလာ၊ ဇုန် (၄) တွင် မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဇုန်(၅) တွင် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ ဇုန် (၆)တွင် မင်္ဂလာဒုံ၊ ဇုန် (၇) တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဇုန်(၈)တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဇုန် (၉) တွင် လှိုင်သာယာနှင့် ဇုန် (၁၀) တွင် ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း စသည်ဖြင့် ဇုန်များသတ်မှတ်ကာ နောင်အနာဂတ်တွင် ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ရန်ကုန် တိုင်းဒေသကြီး ထန်းတပင် မြို့နယ်ရှိ ကုက္ကိုဝမြစ် ရေတင် စီမံကိန်း၊ တွံတေးမြို့နယ်ရှိ တိုးမြစ် မြစ်ရေတင် စီမံကိန်း တို့ကို စတင် အကောင်အထည်ဖော်ရန် လျာထားကြောင်း သိရသည်။ (Xinhua)