Sino-Myanmar
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် Colorful Yunnan Basketball -2023 ပြိုင်ပွဲမှ မြန်မာအသင်းအနေဖြင့် အတွေ့အကြုံကောင်းများ ရရှိခဲ့ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် Colorful Yunnan Basketball -2023 ဘတ်စကက်ဘောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘောအသင်းအနေဖြင့် ပြိုင်ပွဲအတွေ့အကြုံကောင်းများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ဥမ္မာအောင်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၃ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် Colorful Yunnan Basketball -2023 ဘတ်စကက်ဘောပြိုင်ပွဲ မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်)
“အဲဒီ ဘတ်စကက်ဘောပြိုင်ပွဲကိုတော့ အောက်တိုဘာ ၃၁ ရက်က စတင်ကျင်းပနေတာပါ။ မြန်မာဘတ်စကက် ဘောအသင်းက အုပ်စု (C) မှာ ကျရောက်နေပြီး အုပ်စုပွဲစဉ် ယှဉ်ပြိုင်မှုအရ သုံးပွဲနိုင်တစ်ပွဲရှုံးနဲ့ ကွာတားပွဲစဉ်ကို တက်ခဲ့ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၃ ရက်မှာတော့ ကွာတားပွဲစဉ်မှာ ရှုံးထွက် ထွက်လိုက်ရပေမဲ့ လက်ရွေးစင် ကစားသမားများ အနေနဲ့ ပြိုင်ပွဲအတွေ့အကြုံကောင်းတွေရရှိခဲ့ပါတယ်” ဟု ဒေါ်ဥမ္မာအောင်က ပြောသည်။
အဆိုပါ Colorful Yunnan Basketball -2023 ပြိုင်ပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဟဲခိုမြို့တွင် အောက်တိုဘာ ၃၁ ရက်မှ စတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါပွဲကို ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘော အဖွဲ့ကို အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်ဝင်းက နှင့် နည်းပြ ဦးအောင်မြင့်တို့ ဦးဆောင်၍ ကစားသမား အမျိုးသား ၅ ဦးသွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် အောက်တိုဘာ ၃၀ ရက်၌ မြန်မာနိုင်ငံမှ ထွက်ခွါခဲ့ကြောင်း သိရသည်။
“အခုတရုတ်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကတော့ ကိုဗစ်ကာလအပြီးမှာ ပထမဦးဆုံးထွက်ပြိုင်တဲ့ နိုင်ငံတကာပွဲလို့လည်း ပြောလို့ရပါတယ်။ တရုတ်နိုင်ငံက ဘတ်စကတ်ဘော ကစားတာ အရမ်းကောင်းတယ်။ အရပ်အမောင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေကအစ အရမ်းကို တိုးတက်ကောင်းမွန်တယ်။ သွားရောက်ယှဉ်ပြိုင်ကြတဲ့ အဖွဲ့ခေါင်းဆောင်၊ နည်းပြနဲ့ အားကစားသမားတွေ ပြန်ပြောချက်အရ သူတင်ကိုယ်တင်ကစားရတဲ့ ပွဲဖြစ်တယ်,,, နားဖို့ အချိန်မရှိဘူး။ သက်လုံကောင်းဖို့လိုတယ်။ လျင်မြန်ဖို့လိုတယ်။ ပိုပြီးကြံ့ခိုင်ဖို့ လိုတယ်ဆိုတာကို ပွဲအတွေ့အကြုံအရ သိခဲ့ရတယ်။ ဒါကအတွေ့အကြုံကောင်းပေါ့။ အရပ်မြင့်တဲ့သူတွေကို ဘယ်လို ကစားရမလဲဆိုတဲ့ အတွေ့အကြုံလည်းရပါတယ်” ဟု ဒေါ်ဥမ္မာအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘောအသင်းအနေဖြင့် ယခုပွဲအတွေ့အကြုံများပေါ်မူတည်၍ နိုင်ငံတကာပွဲစဉ်များနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
ယခုပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် အာဆီယံ ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ် နှင့်ကမ္ဘောဒီးယား စသည့်နိုင်ငံတို့မှ ဘတ်စကက်ဘောအသင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
“အခု ပွဲက နိုဝင်ဘာ ၄ ရက်ဆို ဖိုင်နယ်ပွဲက ပြီးပါပြီ။ ဒီပြိုင်ပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၄ နှစ် အထိ ခွင့်ပြုထားပါတယ်” ဟု ဒေါ်ဥမ္မာအောင်က ပြောသည်။ (Xinhua)