Africa & Middle East
ယီမင်၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူ ၃၀ ဦးအထိရှိလာ
ဒန်၊ ယီမင်၊ မေ ၁၅ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း Hadramout ပြည်နယ်၌ မေလ ၁၅ ရက် အစောပိုင်းက ဖောက်ခွဲရေး ခါးပတ် ဝတ်ဆင်လာသည့် အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦးသည် ရဲတပ်သားသစ်များအကြား ဗုံးဖောက်ခွဲခဲ့ရာ သေဆုံး သူ ၃၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
Hadramout ပြည်နယ် မြို့တော် Mukalla ရှိ သမ္မတအိမ်တော်ဝင်းအနီး ရဲအခြေစိုက်စခန်းရှိ တပ်သားသစ်များ အကြား အသေခံဗုံးဖောက်ခွဲသူတစ်ဦး ရောနှောပါလာကာ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။
ရာပေါင်းများစွာသော တပ်သားသစ်များအား ဆော်ဒီ ဦးဆောင်သော မဟာမိတ်အဖွဲ့နှင့် ယူအေအီးမှ ထောက်ပံ့ ပေးထားသော အထူးတပ်ဖွဲ့များက သင်တန်းပေးနေခြင်း ဖြစ်သည်။
ယခင် အသေခံဗုံးဖောက်ခွဲမှု အများစု၏ နောက်ကွယ်၌ ရှိသော ယီမင်အခြေစိုက် အယ်လ်-ကိုင်းဒါးအဖွဲ့ခွဲများ ရှိနေသော်လည်းပဲ ယခု ဗုံးဖောက်ခွဲမှုကိုမူ မည်သည့်အဖွဲ့အစည်းကမျှ ဝန်ခံထားခြင်း မရှိသေးပေ။
ယီမင်အခြေစိုက် Ansar al-Sharia ဟု လူသိများသော အယ်လ်-ကိုင်းဒါးအဖွဲ့ခွဲသည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ အတွင်း ပေါ်ထွက်လာခဲ့ပြီး ယီမင်စစ်တပ်နှင့် အစိုးရ အဖွဲ့များအား တိုက်ခိုက်မှုအများစုအား လုပ်ဆောင်ခဲ့သူ များအဖြစ် ဝန်ခံထားသည့်အဖွဲ့လည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ယီမင်နိုင်ငံ တောင်ပိုင်း ဒေသများအထိ ၎င်းတို့၏ အင်အားကို ချဲ့ထွင်ရန် ကြိုးစားလျက်ရှိသည်။ (Xinhua)