Africa & Middle East
တူရကီနှင့် အီရန်တို့ ခရီးသွားမြှင့်တင်ရေး သဘောတူစာချုပ် ချုပ်ဆို
အန်ကာရာ၊ မေ ၁၇ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ နှင့် အီရန်နိုင်ငံ တို့သည် ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန် နားလည်မှု စာချွန်လွှာအား လက်မှတ် ရေးထိုးခဲ့ပြီးနောက် နှစ်နိုင်ငံ ကြား တိုက်ရိုက် လေကြောင်း ပျံသန်းမှုများကို မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း ပြည်တွင်း သတင်းစာ Milliyet က မေလ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် တစ်ပတ် က အီရန်နိုင်ငံသို့ တူရကီနိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီး Mahir Unal လာရောက်ပြီးနောက် အဆိုပါ စာချုပ်အား လက်မှတ် ရေးထိုးခဲ့ကြောင်းနှင့် စာချုပ်ပါ အချက်အလက်များအရ အီရန်နိုင်ငံက ၂၀၁၆ ခုနှစ် အောက်တိုဘာလ မကုန်ခင် အထိ တူရကီနိုင်ငံ မှ လေကြောင်း ပျံသန်းမှု ၂,၀၀၀ ကို ခွင့်ပြုပေးမည် ဖြစ်ကာ အပြန်အလှန်အနေ ဖြင့် နှစ်နိုင်ငံ ကြား လေကြောင်း ပျံသန်းမှု ၄,၀၀၀ ရှိမည် ဖြစ်ကြောင်း သိရသည်။
Unal က ၂၀၁၆ ခုနှစ်အတွင်း တူရကီနိုင်ငံသို့ လာရောက်သည့် အီရန် နိုင်ငံသား အရေအတွက်သည် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လာမည့် ခြောက်လ အတွင်း အီရန် ခရီးသွား တစ်သန်းခန့် လာရောက် မည်ဟု ခန့်မှန်း ထားကြောင်း ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ပထမ သုံးလအတွင်း တူရကီနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ယခင်နှစ် ပထမ သုံးလနှင့် နှိုင်းယှဉ် ကြည့်ပါက ၁၆.၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ထိုသို့ လျော့နည်းသွားရခြင်းမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)