Connect with us

Africa & Middle East

သမ္မတဇူးမား၏ ဖြေရှင်းချက်အပေါ် မကျေနပ်၍ တောင်အာဖရိက လွှတ်တော်တွင် ရုန့်ရင်း ဆန်ခတ်မှု ဖြစ်ပွား

တောင်အာဖရိက လွှတ်တော်တွင် အာဏာရပါတီ နှင့် အတိုက်အခံ ပါတီကြား ရုန့်ရင်း ဆန်ခတ် ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

ကိတ်တောင်း ၊ မေ ၁၈ ရက် (ဆင်ဟွာ)

အဂတိ လိုက်စားမှုနှင့် အခြားကိစ္စရပ်များ အပေါ် သမ္မတဇူးမား၏ ဖြေရှင်းချက်ကို မကျေနပ်၍ တောင်အာဖရိကနိုင်ငံ လွှတ်တော်တွင် မေလ ၁၇ ရက်က ရုန့်ရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စီးပွားရေး လွတ်လပ်ခွင့် တိုက်ပွဲဝင်နေကြသူများ(EFF) အဖွဲ့လွှတ်တော် ကိုယ်စားလှယ်များသည် အမေးအဖြေ ကဏ္ဍအတွက် လွှတ်တော် စင်မြင့်ထက် ရောက်ရှိနေသော တောင်အာဖရိကနိုင်ငံ သမ္မတ ဇူးမား၏ ဖြေရှင်းချက် အပေါ် မကျေနပ်၍ နှစ်ဖက် အချေအတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းမှတဆင့် လွှတ်တော် အတွင်းရှိ တောင်အာဖရိက အာဏာရပါတီ (ANC) လွှတ်တော် ကိုယ်စားလှယ်များ နှင့် EFF လွှတ်တော် ကိုယ်စားလှယ်များ ကြားတွင် နှစ်ဖက် အပြန်အလှန် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း EFF အဖွဲ့ဝင်များက မီးသတ်ဆေးဗူးများဖြင့် ပြန်လည် ပက်ဖျန်းခဲ့သည် အထိ အခြေအနေ တင်းမာခဲ့သည်။

တောင်အာဖရိက လွှတ်တော်တွင် အာဏာရပါတီ နှင့် အတိုက်အခံ ပါတီကြား ရုန့်ရင်း ဆန်ခတ် ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

တောင်အာဖရိက လွှတ်တော်နာယက Baleka Mbete က စည်းကမ်း လိုက်နာမှု မရှိသည့် EFF ကိုယ်စားလှယ်များအား လွှတ်တော်အတွင်းမှ ထွက်ခွာသွားကြရန် အမိန့်ပေးခဲ့ပြီး ထိုသို့EFF အဖွဲ ဝင်များအား လွှတ်တော် ပြင်ပသို့ အတင်းအကြပ် ဖယ်ရှားချိန်တွင် အုပ်စုနှစ်စုကြား လက်သီးဖြင့် အပြန်အလှန်ထိုးခြင်း ၊ ဦးထုပ်ဖြင့် ပစ်ပေါက်ခြင်း ၊ ပုလင်းဖြင့် ရိုက်ခွဲခြင်းနှင့် ပိုက်ဆံအိတ်များဖြင့် ရိုက်နှက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရုပ်မြင်သံကြားသတင်းတွင် EFF အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော် ပြင်ပသို့ဆွဲထုတ်နေပုံ နှင့် EFF ထောက်ခံသူများ ပြတင်းပေါက် ရိုက်ခွဲနေပုံများကို ပြသခဲ့သည်။ လွှတ်တော် ပြင်ပတွင်လည်း EF ထောက်ခံသူများသည် တံခါးများ ရိုက်ချိုးခြင်း နှင့် ညီလာခံ ခန်းမ အဝင် တံခါးဟောင်းကို ရိုက်ချိုး ခဲ့သည်။
ANC ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်ပိုင် ပစ္စည်းများ ဖျက်ဆီးမှုနှင့် လွှတ်တော် ရုံးဝန်ထမ်းများအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် EFF အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များကို ပြစ်မှုကြောင်းဖြင့် အမြန်ဆုံး တရားစွဲဆိုသွားရန် လွှတ်တော်သို့တောင်းဆိုထားသည်။
EFF လွှတ်တော် အမတ်များ နှင့်အတူ လွှတ်တော်ပြင်ပသို့ဆွဲထုတ်ခံခဲ့ရသည့် EFF ခေါင်းဆောင် Malema က Nkandla ကိစ္စအပါအဝင် မှားယွင်းသော အပြုအမူပေါင်း များစွာအတွက် သမ္မတဇူးမား တာဝန်ခံစေရန် ဆက်လက် တိုက်ပွဲဝင် သွားမည်ဟု ပြောသည်။
KwaZulu-Natal ပြည်နယ် Nkandla တွင် ဆောက်လုပ်နေသော သမ္မတဇူးမား၏ သီးသန့်အိမ်အား လုံခြုံရေး အဆင့်မြှင့်တင်ရေး စီမံကိန်း အတွက် အသုံးပြုခဲ့သော ပြည်သူ့ဘဏ္ဍာငွေမှာ အာဖရိကရန်ဒ် ၂၄၆ သန်း (အမေရိကန် ဒေါ်လာ ၁၇ သန်း) ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.