Africa & Middle East
အာဖဂန်လေတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၁၃ ဦးသေဆုံး

မက်ဇာ-၁- ရှာရစ် ၊ အာဖဂန်နစ္စတန် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်အတွင်း ပုန်းခိုနေသည့် စစ်သွေးကြွများကို အာဖဂန်လေတပ်မှ စစ်ရဟတ်ယာဉ်များအသုံးပြုကာ လိုက်လံပစ်ခတ်ရှင်းလင်းမှုပြုလုပ်ပြီးနောက် အနည်းဆုံး စစ်သွေးကြွ ၁၃ ဦးသေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်သတင်းအရင်းအမြစ်က ဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကို MD-530 ရဟတ်ယာဉ်များဖြင့် ဧပြီလ ၄ ရက် မွန်းလွဲပိုင်းက Chimtal ခရိုင်အတွင်းရှိ Baburzai နှင့် Asyyab Rirqa ဒေသများတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Shaheen ဒေသတွင် အခြေစိုက်သည့် အမှတ် ၂ဝ၉ တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ Hanif Rezai က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
အဆိုပါ ခရိုင်အတွင်း စစ်သွေးကြွများ လှုပ်ရှားနေကြောင်း သတင်းအတည်ပြုချက်ရသဖြင့် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ စစ်ဆင်ရေးအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း နှင့် လက်နက်များ နှင့် ကျည်ဆံများစွာကိုလည်း ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ၏ အရှေ့ဘက် နှင့် တောင်ဘက်ရှိ စစ်သွေးကြွများကို ဦးစားပေး တိုက်ခိုက်မှုများပြုလုပ်နေ၍ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဖဂန်မြောက်ပိုင်းဒေသ၌ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားနေသည်။
တာလီဘန်စစ်သွေးကြွအဖွဲ့သည် နိုင်ငံအတွင်း ပုန်ကန်မှုများ ကို လွန်ခဲ့သော ၁၇ နှစ်ကျော်ကြာကာလကတည်းက လုပ်ဆောင်လာခဲ့ပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့အဖွဲ့မှ မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)