Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ၏ ဖြုတ်ချခံသမ္မတ မော်စီ တရားရင်ဆိုင်စဉ်သေဆုံး

အီဂျစ်နိုင်ငံသမ္မတဟောင်း မိုဟာမက်မော်စီအား ကိုင်ရိုတရားရုံးတွင် ၂၀၁၆ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ၏ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) သည် သူလျှိုမှုနှင့်တရားစွဲခံရပြီး ဇွန်လ ၁၇ ရက်က တရားရုံးတွင် စစ်ဆေးခံနေရစဉ် သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် Ahram သတင်းဌာနက ၎င်း၏ ဝက်ဘ်ဆိုဒ်တွင် သတင်းဖော်ပြခဲ့သည်။

“သမ္မတဟောင်းက စကားပြောခွင့်တောင်းခဲ့တာကို တရားသူကြီးက ခွင့်ပြုပေးခဲ့တယ်” ဟု Ahram က ရေးသားခဲ့သည်။

ထိုသို့စကားပြောပြီးနောက် မော်စီသည် သတိလစ်သွားခဲ့ပြီး ၎င်းအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သတင်း၌ဖော်ပြထားသည်။

ဒေသခံမီဒီယာ၏ ဖော်ပြချက်အရ သမ္မတဟောင်း မော်စီသည် နှလုံးရောဂါခံစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ကိုင်ရိုပြစ်မှုဆိုင်ရာတရားရုံးတွင် အခြားသူ ၂၂ ဦးနှင့်အတူ အမှုပြန်လည်ကြားနာစစ်ဆေးမှု ခံယူနေခြင်းဖြစ်သည်။

မော်စီသည် ပြည်ပနိုင်ငံများအတွက် သူလျှိုလုပ်ပေးမှုအတွက် အကျဉ်းထောင်တွင် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။

မော်စီက နိုင်ငံ၏ လျှို့ဝှက်ချက်များအား အကြမ်းဖက် အဖွဲ့အစည်းများအား ဖွင့်ထုတ်ခဲ့ကြောင်း တရားစွဲရုံးတွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အသက် ၆၇ နှစ်ရှိသော မော်စီသည် ၂၀၁၂ ခုနှစ်က သမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏အုပ်ချုပ်မှုအား လူထုဆန္ဒပြမှုများဖြင့် ၂၀၁၃ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခြင်းခံခဲ့ရသည်။

ယင်းအချိန်မှစ၍ မော်စီနှင့် ၎င်း၏ မူဆလင်ညီနောင်များအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ ထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး လူသတ်မှု၊ အကြမ်းဖက်မှုနှင့် သူလျှိုမှုများအတွက် ပြစ်မှုပေါင်းများစွာဖြင့် တရားရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်တွင် မူဆလင်ညီနောင်များအဖွဲ့အား အစိုးရက တရားမဝင်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.