Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်၏ အကြီးဆုံး လက်ကားဈေး မီးလောင်မှုကြောင့် ဆိုင်ခန်း ရာပေါင်းများစွာ ပျက်စီး
ဒါကာ၊ မေ ၂ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ စီးပွားရေး အချက်အချာ ကျသည့် နေရာတွင် တည်ရှိသည့် အကြီးဆုံး သော လက်ကားဈေး ဆိုင်များထဲမှ တစ်ခု ဖြစ်သည့် Karwan ဈေးတွင် မေလ ၁ ရက်နေ့ ညပိုင်း က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးသတ်နှင့် ကယ်ဆယ်ရေး ဆိုင်ရာ ဝန်ထမ်းများသည် မီးသတ်ကား ၂၂ စီးနှင့် အတူ ဈေးမီးလောင်ကျွမ်းမှုအား နှစ်နာရီကြာ ငြိမ်းသတ်ခဲ့ကြပြီး ည ၁၀ နာရီတွင် မီးလောင်ကျွမ်းမှုအား ထိန်းချုပ် နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုသည် မီးဖိုချောင် စားသောက်ကုန် ဆိုင်ရာ လက်ကား ဈေးဆိုင် ၃၀၀ နီးပါး ရှိသည့် တစ်ထပ် အဆောက်အအုံ၌ ဒေသ စံတော်ချိန် ည ၈ နာရီက စတင်ခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ နိုင်ငံ၏ ဒေသ အသီးသီးမှ ကုန်ခြောက်နှင့် မီးဖိုချောင် စားသောက်ကုန် များအား ဒါကာမြို့အနှံ့ ဖြန့်ချိ ပေးနေသည့် လက်ကားဈေးဆိုင် အနည်းဆုံး ၂၀၀ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် ဧရိယာများရှိ လူများကို ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ပြီး လမ်းဘေး ဈေးသည် များစွာသည် ၎င်းတို့၏ ကုန်ပစ္စည်းများအား အလျင်အမြန် ဖယ်ရှားခဲ့သော်လည်း ဟင်းသီးဟင်းရွက် ရောင်းချသူများ အပါအဝင် ဈေးသည် အများစု၏ ရောင်းကုန်များ ပျက်စီးခဲ့ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ မရှိကြောင်း နှင့် မီးသတ် တပ်ဖွဲ့သည် မီးလောင်ကျွမ်းမှု အကြောင်းရင်းကို မဆုံးဖြတ်နိုင်သေးကြောင်း သိရသည်။ (Xinhua)