Asia
အသက် ၂၉ နှစ်အရွယ် အမျိုးသမီး၏ စွမ်းဆောင်မှုကြောင့် ကလေးသူငယ် လက်ထပ် ထိမ်းမြားခံရမှု ၉၀၀ ကျော် အား တားဆီးနိုင်ခဲ့
နယူးဒေလီ၊ မေ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ သည် အရွယ် မရောက်သေးသည့် ကလေးသူငယ် လက်ထပ် ထိမ်းမြားမှု အများဆုံး ဖြစ်ပွားသည့် နိုင်ငံ ဖြစ်ပြီး စာရင်းဇယားများအရ တစ်ကမ္ဘာလုံး၏ ကလေးသူငယ် လက်ထပ် ထိမ်းမြားခံရမှု ၄၀ ရာခိုင်နှုန်း သည် အိန္ဒိယ၌ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
အရွယ်မရောက်သေးသော မိန်းကလေး များစွာသည် အိမ်တွင်း အကြမ်းဖက်မှုနှင့် အခြား အနိုင်ကျင့်မှုများဖြင့် လက်ထပ် ထိမ်းမြားရန် အတင်းအဓမ္မ စေခိုင်း ခံနေရကြောင်း သိရသည်။
အသက် ၂၉ နှစ် အရွယ် Kriti Bharti အမည်ရှိ အိန္ဒိယ အမျိုးသမီး စိတ်ပညာရှင် တစ်ဦးသည် လွန်ခဲ့သည့် လေးနှစ် အတွင်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း Rajasthan ပြည်နယ်တွင် ကလေးသူငယ် လက်ထပ် ထိမ်းမြားမှု ၉၀၀ ကျော်နှင့် အရွယ် မရောက်သေးသည့် ယောက်ျားလေးများ နှင့် မိန်းကလေးများ ပါဝင်သည့် အဖွဲ့ ၂၉ ဖွဲ့ကို ပယ်ဖျက် ပေးနိုင်ခဲ့သည်။
Kriti သည် ၎င်း ပရဟိတ အဖွဲ့အစည်း ဖြစ်သည့် Saarthi Trust မှတစ်ဆင့် ထိုသို့လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းအား အမျိုးသမီးများ အတွက် လူမှုနယ်ပယ်တွင် တရားမျှတမှုများ ပိုမို ဆောင်ကျဉ်းပေးနိုင် ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမှု တစ်ခုတွင် ဆိုလျှင် Kriti သည် အတင်းအကျပ် လက်ထပ် ထိမ်းမြားခံရမည့် မိန်းကလေးအား ကယ်ဆယ်ပြီးနောက် ၎င်း မိသားစုထံ ပြန်လည် မပို့ဆောင်ခင် နှင့် တရားရုံး၌ လက်ထပ်မှုအား ပယ်ဖျက်ရန် မလျှောက်ထားခင် ၎င်း၏ လုံခြုံရေး အတွက် နေရာတစ်ခုတွင် ပထဆုံး ခိုလှုံစေခဲ့ကြောင်း သိရသည်။
ပရဟိတ အဖွဲ့အစည်းမှ တစ်ဆင့် ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဆွေးနွေး အကြံပေး မှုများ ပြုလုပ်ခဲ့ပြီး ကလေးသူငယ် ၆,၀၀၀ ကျော်နှင့် အမျိုးသမီး ၅,၅၀၀ အား ပုံမှန် ဘဝ အခြေအနေသို့ ရောက်ရှိရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ရန် အတွက် Kriti အနေဖြင့် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရပြီး လွန်ခဲ့သည့် နှစ်များတွင် အသက်အန္တရာယ် ခြိမ်းခြောက်သည့် ပေးစာပေါင်း ရာချီရရှိခဲ့သော်လည်း ကလေးတစ်ယောက် ဘေးကင်း လုံခြုံရေး အတွက် မည်သည့် အရာကိုမှ စိုးရိမ် ကြောက်လန့်နေမည် မဟုတ်ကြောင်း Kriti က yourstory.com သို့ ဖြေကြားခဲ့သည်။ (Xinhua)