Connect with us

Asia

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ မီးလောင်မှုဖြစ်ပွား ၊ လူ ၆ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ဒေလီမြို့ ၌ မီးလောင်မှုဖြစ်ပွားသော ၅ ထပ်အဆောက်အအုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယနေ့သြဂုတ် ၆ ရက် တွင် မီးလောင်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး အခြား ဒဏ်ရာရသူ ၁၁ ဦးကို ဆေးရုံတင်ထားရကြောင်း နှင့် ယင်းတို့အနက် ၆ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း ဒေလီမြို့မီးသတ်ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဆင်ဟွာသို့တယ်လီဖုန်းမှတစ်ဆင့်ဖြေကြားခဲ့သည်။

သေဆုံးသူများထဲတွင် အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၃ ဦးပါဝင်ကြောင်း ၎င်းအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။

မီးလောင်မှုသည် ဒေလီမြို့၏ အရှေ့တောင်ဘက် Zakir Nagar ဒေသတွင် ယနေ့နံနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အခင်းဖြစ်နေရာကနေ လူ ၁၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ စုစုပေါင်း ၆ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသူတွေထဲက ၇ ယောက်ဟာ အခြေအနေဆိုးရွားပါတယ်။ မီးလောင်ပြင်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးသွားပါပြီ” ဟု ဒေလီမြို့မီးသတ်တပ်ဖွဲ့အကြီးအကဲ Atul Garg က ဆိုသည်။

၎င်းက မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၃ဝ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ကြောင်း ၊ မီးသတ်သမားများသည် အချင်းဖြစ်နေရာသို့ချက်ချင်းသွားရောက်ခဲ့ကြောင်း ၊ သို့သော် မီးလောင်မှုဖြစ်ပွားနေသည့် အထပ် ၅ ထပ်ရှိသော အဆောက်အအုံသို့ရောက်ရှိရန် အဝင်လမ်းမှာ ကျဉ်းမြောင်းနေသဖြင့် ခက်ခက်ခဲခဲဝင်ရောက် ခဲ့ရကြောင်း ဆိုသည်။

“ မီးလောင်တဲ့နေရာရောက်ဖို့မီးသတ်သမားတွေဟာ အဲဒီရပ်ကွက်က လူနေအိမ်နောက်ဘေးဘက်တွေကနေ အချိန်ယူပြီး ခက်ခက်ခဲခဲဝင်သွားရတာပါ” ဟု ၎င်းကဆိုသည်။

မီးလောင်မှုမှာ လျှပ်စစ်မီးသွယ်တန်းထားသည့် ဆားကစ်ပြားတစ်ခုမှ စတင်လောင်ကျွမ်းခြင်းဖြစ်ဖွယ်ရှိကြောင်း နှင့် အချင်းဖြစ်ကိစ္စကို အမှန်တကယ်သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။(Xinhua)