Asia
တောင်ကိုးရီးယား၌ ဒုံးကျည်ကာကွယ်ရေး စနစ် တပ်ဆင်ရန် အမေရိကန်နှင့် ကိုးရီးယားဆုံးဖြတ်
ဆိုးလ် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တောင်ကိုးရီးယား နိုင်ငံရှိ အမေရိကန ်စစ်အခြေစိုက် စခန်း၌ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေး စနစ် (THAAD) ကို တပ်ဆင်သွားရန် ကိုးရီးယားနှင့် အမေရိကန် နှစ်နိုင်ငံတို့မှ စစ်အာဏာပိုင်များက ဇူလိုင်လ ၈ ရက်တွင် သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မကြာသေးခင် ရက်ပိုင်းက တာလတ်ပစ် ပဲ့ထိန်းဒုံးများ စမ်းသပ်မှု အပါအဝင် မြောက်ကိုးရီးယား နိုင်ငံသည် ပဲ့ထိန်း ဒုံးကျည်ပစ်လွှတ်မှု နှင့် နျူကလီးယား စမ်းသပ်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သဖြင့် တောင်ကိုးရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ယခုကဲ့သို့ဒုံးကျည် ကာကွယ်ရေး စနစ် တပ်ဆင်ရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြောက်ကိုးရီးယား၏ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှုသည် တောင်ကိုးရီးယားနှင့် အာရှပစိဖိတ်ဒေသ၏ တည်ငြိမ်ရေး နှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
အဆိုပါ မြောက်ကိုးရီးယား၏ ခြိမ်းခြောက်မှုကို လက်တုန့်ပြန်ရန်အတွက် တောင်ကိုးရီးယား၌ အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေးစနစ် (THAAD) တပ်ဆင်ရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ကိုးရီးယားနိုင်ငံတို့သည် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလကတည်း ဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေး စနစ်ကို ကိုးရီးယား ကျွန်းဆွယ်တွင် တပ်ဆင်ခြင်းဖြင့် တခြား တတိယနိုင်ငံ တစ်ခုကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း ၊ သို့သော် မြောက်ကိုးရီးယား၏ နျူကလီးယား နှင့် ဒုံးကျည် ခြိမ်းခြောက်မှုကို ကာကွယ်ရန်အတွက်သာ ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
သို့သော် တောင်ကိုးရီးယား၏ အိမ်နီးချင်းနိုင်ငံများတွင် ပါဝင်နေသည့် တရုတ်နှင့် ရုရှားနိုင်ငံတို့ကမူ ကိုးရီးယား ကျွန်းဆွယ်ပေါ်၌ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) တပ်ဆင်ခြင်းဖြင့် မြောက်ကိုးရီးယားနိုင်ငံ၏ နယ်နိမိတ် ပိုင်နက်အပြင်ဖက်ထိ ရေဒါထောက်လှမ်းရေး စနစ်များ ပြုလုပ်နိုင်သည့် အတွက် စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ပြောဆိုထားသည်။ (Xinhua)