Asia
ထောင်ဖောက် ထွက်ပြေးသွားသည့် စစ်သွေးကြွ ၈ ဦးအား အိန္ဒိယ ရဲက အသေဖမ်းမိ
နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာထားသည့် အစ္စလာမ်မစ် ကျောင်းသားလှုပ်ရှားမှု (SIMI) အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၈ ဦးသည် မဒရာ ပရာဒတ်ပြည်နယ် မြို့တော် ဘိုပါးရှိ လုံခြုံရေးများ မြင့်မားစွာ ထားရှိသည့် အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် နာရီအတန်ကြာ၌ ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
“အဲဒီ စစ်သွေးကြွတွေဟာ ဒီနေ့ မနက်စောစောက ထောင်က လွတ်မြောက်သွားခဲ့ပြီး ဘိုပါးမြို့စွန်မှာ ပုန်းနေခဲ့ကြတယ်၊ သူတို့မှာ သေနတ်တွေတော့ မရှိဘူး၊ လက်နက်တွေကို ခိုးယူပြီး လွတ်မြောက်ဖို့ ကြိုးစားနေတုန်း ရဲတွေနဲ့ တိုက်ခိုက်ရင်း အသေဖမ်းမိခဲ့တယ်” ဟု ပြည်နယ် ပြည်ထဲရေး ဝန်ကြီး ဘူပန်ဒရာဆင်းက ပြောသည်။
ကနဦးက ၎င်းတို့အား ဒဏ်ရာရရုံသာ ရည်ရွယ်ထားခဲ့သော်လည်း အညံ့မခံခဲ့သည့်အတွက် နောက်ဆုံးတွင် အသေဖမ်းလိုက်ရခြင်း ဖြစ်ကြောင်း၊ စစ်သွေးကြွများ ဖမ်းဆီးမှုတွင် ရဲ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲတင်းလွန်းသည့် ထောင်ဖောက်မှုသည် ဘိုပါးမြို့လယ် အကျဉ်းထောင်၌ ဒေသစံတော်ချိန် နံနက် ၂း၀၀ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့သည်။ ထောင်ဖောက်သူ စစ်သွေးကြွများသည် ဓားဖြင့် အစောင့်ကို သတ်ကာ စောင်များ အသုံးပြုလျက် ထောင်နံရံကို ကျော်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)