Asia
နိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်လင့်ကစား သေဒဏ်ပြစ်ဒဏ် ပြဌာန်းခြင်းကို ဆက်လက် လုပ်ဆောင်မည်ဟု မော်လ်ဒိုက် သမ္မတပြော
မေးလ် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
မော်လ်ဒိုက်နိုင်ငံ သမ္မတ အဗ္ဗဒူလာ ယမ်မင်း အဗ္ဗဒူဂေရုမ်းသည် နိုင်ငံအတွင်း၌ သေဒဏ် ဥပဒေ ပြဌာန်းရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သမ္မတရုံးက ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
မော်လ်ဒိုက် နိုင်ငံခြားရေး ဝန်ကြီး ဒွန်ယမော်မွန်းသည် သေဒဏ်ဥပဒေ ပြဌာန်းခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့သမ္မတရုံးမှ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဇူလိုင်လ ၆ ရက်တွင် ကျင်းပသည့် မွတ်စလင် Eid ul-Fitr ပွဲတော်၌ မော်လ်ဒိုက်သမ္မတက ၎င်း၏ အစိုးရအဖွဲ့အတွင်းရှိ ဒုတိယသမ္မတ သုံးဦး နှင့် ကာကွယ်ရေး ဝန်ကြီးများကို ရာထူး အပြောင်းအလဲ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
မော်လ်ဒိုက် တိုးတက်ရေးပါတီ (PPM) သည် နိုင်ငံအတွင်း၌ အကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်ပြီး နောင်လေးနှစ်တွင် ပါတီ ကျဆုံးရေး မဖြစ်စေရဘဲ ယခုကာလတွင် ပါတီဝင်များအားလုံး စည်းလုံးရတော့မည့် အချိန်ဖြစ်ကြောင်း ၊ နိုင်ငံ တိုးတက်ရေး အတွက် အပြန်အလှန် ညှိနှိုင်းခြင်း နှင့် အမြင်ရှင်းစွာ တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။
သေဒဏ်ပြစ်ဒဏ် ပြဌာန်းရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိစစ်မှုများနှင့် လေးလေးနက်နက် စဉ်းစား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ မိမိတို့၏ လူ့အဖွဲ့အစည်းကို အကာအကွယ ်ပေးရေး နှင့် ပိုမို လုံခြုံစေရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း သမ္မတက ဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တရားစွဲဆိုခြင်း ခံသည့်အပေါ် နိုင်ငံတကာ၏ စူးစမ်းလေ့လာခြင်းများလည်း ကြုံတွေ့နေရပြီး ယင်းအခြေအနေများကြောင့် အုပ်ချုပ်ရေးသည် တရားစီရင်ရေး ဌာနအပေါ် လွှမ်းမိုး၍ မဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ (Xinhua)