Asia
ဗီယက်နမ် နိုင်ငံတကာ ဆေးနှင့် ဆေးဝါးဆိုင်ရာ ပြပွဲတွင် ကုမ္ပဏီ ၂၈၀ ကျော် ဝင်ရောက် ပြသမည်
ဟနွိုင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည့် နိုင်ငံတကာ ဆေးနှင့် ဆေးဝါးဆိုင်ရာ ပြပွဲ (Vietnam Medi Pharm Expo) သို့ နိုင်ငံနှင့် ဒေသပေါင်း ၂၅ ခုမှ ကုမ္ပဏီပေါင်း ၂၈၀ ခန့် တက်ရောက် ပြသမည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာန လက်အောက်ရှိ ပြပွဲ စီစဉ်သူများက ဇူလိုင်လ ၁၅ ရက် ပြောကြားခဲ့သည်။
ပါဝင်ပြသမည့် ကုမ္ပဏီများမှာ တရုတ်၊ ထိုင်ဝမ်ဒေသ၊ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အီရန်၊ အီတလီ၊ ဂျပန်၊ ပါကစ္စတန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်၊ ယူကရိန်းနှင့် ဗီယက်နမ်နှင့် အခြားနိုင်ငံများမှ ဖြစ်သည်။
အဆိုပါ ပြပွဲ၌ သွေးနမူနာ ထည့်သည့် ပုလင်းလွတ်များ၊ တစ်ခါသုံး ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ၊ ဆေးဝါးဆိုင်ရာ ထုတ်ပိုးခြင်းနှင့် ထုတ်ကုန်များအား ပြခန်းပေါင်း ၃၅၀ ခန့်ဖြင့် ပြသသွားမည် ဖြစ်ကြောင်း ပြပွဲ စီစဉ်သူများ၏ ပြောကြားချက်အား ကိုးကား၍ ဗီယက်နမ်နိုင်ငံပိုင် VNA သတင်း အေဂျင်စီက ဖော်ပြထားသည်။
တစ်နှစ် နှစ်ကြိမ် ပြုလုပ်သည့် ထိုပြပွဲအား ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဟိုချီမင်း စီးတီး၌ သြဂုတ်လတွင် လည်းကောင်း၊ မြို့တော် ဟနွိုင်း၌ ဒီဇင်ဘာလတွင် လည်းကောင်း ပြုလုပ်မည် ဖြစ်သည်။
စာရင်းဇယားများ အရ ဆေးကိရိယာဆိုင်ရာ ဈေးကွက်၏ အခွန်သည် အနည်းဆုံး ၂၀၁၆ ခုနှစ်တွင် ၁.၂ ဘီလီယံ၊ ၂၀၁၈ ခုနှစ်တွင် ၁.၈ ဘီလီယံ အသီးသီး ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံတွင် အသုံးပြုနေသည့် အသုံးအဆောင်နှင့် ကိရိယာ ၉၀ ရာခိုင်နှုန်းအား ပြည်ပမှ တင်သွင်းခြင်း ဖြစ်ကြောင်း၊ အဓိက တင်သွင်းသည့်နိုင်ငံများမှာ တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဂျာမနီနှင့် စင်ကာပူ စသည့် နိုင်ငံ များမှ ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီမံကိန်းနှင့် ငွေကြေးဋ္ဌာန ညွှန်ကြားရေးမှူး Pham Le Tuan က ပြောသည်။ (Xinhua)