Asia
အာချေးငလျင်ကြောင့် လူပေါင်း ၁ သောင်းကျော် နေအိမ်စွန့်ခွာခဲ့ရ
PIDIE JAYA ၊ အင်ဒိုနီးရှား ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ဒီဇင်ဘာ ၇ ရက်ကလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၁ဝ,၃ဝ၁ ဦးသည် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း ယနေ့(ဒီဇင်ဘာလ ၉ ရက်) တွင် ထုတ်ပြန်သည့် သဘာဝဘေးအန္တရာယ် အေဂျင်စီ၏ အချက်အလက်များအရ သိရသည်။
ငလျင်ဒဏ် အပြင်းထန်ဆုံးခံစားခဲ့ရသော Pidie Jaya ခရိုင်၌ လူနေအိမ်ပေါင်း ၁၁,ဝဝဝ ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး ၎င်း ငလျင်မှာ ပြင်းအား ၆.၄ အဆင့်ရှိကြောင်း သိရသည်။
“ ငလျင်ဒဏ်သင့် ပြည်သူတွေဟာ ယာယီတဲလေးတွေ ၊ ဗလီတွေ နဲ့ဆွေးမျိုးသားချင်းတွေရဲ့ အိမ်တွေမှာ ခိုလှုံနေရပါတယ်” ဟု Pidie Jaya ခရိုင် သဘာဝဘေးအန္တရာယ် အေဂျင်စီ မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Yusmazi က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
အဆိုပါ အင်အားပြင်းငလျင်သည် ဗလီပေါင်း ၁၄၆ လုံး ၊ တံတား ငါးစင်း ၊ ကျောင်းဆောင်တစ်ခု နှင့် လမ်းပိုင်းပေါင်း ၁၄,ဝဝဝ ခုကို ဖျက်စီးပစ်ခဲ့ကြောင်း ကယ်ဆယ်ရေးစင်တာမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ငလျင်ဒဏ်သင့် ဒေသများသို့ရွက်ဖျင်တဲ ဒါဇင်ပေါင်းများစွာကို ပေးပို့ထားပြီးဖြစ်ကြောင်း နှင့် အခြားဒါဇင်ပေါင်းများစွာကိုလည်း ပေးပို့ထားဆဲဖြစ်ကြောင်း Pedie Jaya ခရိုင် လူမှုရေးဌာန အကြီးအကဲက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။
ငလျင်ကြောင့် ခရိုင်အတွင်းရှိ သောက်သုံးရေ ဖြန့်ဝေပေးရေး စနစ်ပျက်စီးသွားပြီး ကူးစက်ရောက်ဂါများ ပြန့်နှံ့နေကြောင်း Yusmazi ကပြောသည်။ ထို့ပြင် ငလျင်ကြောင့် လူပေါင်း ၁ဝဝ ကျော်သေဆုံးခဲ့ရပြီး ၇ဝဝ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)