Asia
အိန္ဒိယ အရှေ့ပိုင်း ပြည်နယ် တစ်ခုတွင် တောဆင်ရိုင်း တစ်ကောင် ဝင်ရောက် ဖျက်ဆီး
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရှိ အနောက်ဘင်္ဂလား ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က တောဆင်ရိုင်း တစ်ကောင် ဝင်ရောက် ဖျက်ဆီးမှုကြောင့် အနည်းဆုံး လူနေ အဆောက်အအုံ ၁၀၀ နှင့် ကားများ၊ မော်တော်ဆိုင်ကယ်များ ဖျက်ဆီးခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
တောဆင်ရိုင်း ဝင်ရောက်မှုသည် အနောက်ဘင်္ဂလား ပြည်နယ် မြို့တော် ကိုလ်ကတ္တား၏ မြောက်ဖက် ၅၆၆ ကီလိုမီတာ အကွာခန့်ရှိ ဆီလီဂူရီ မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက ယင်းဆင်ရိုင်းသည် မြို့နှင့် အနီးဆုံး Baikunthapur တောအုပ်မှ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း၊ လူများကို အန္တရာယ် မပေးသော်လည်း ၎င်းလမ်းကြောင်း ပေါ်ရှိ အရာဝတ္ထု မှန်သမျှကို ဖျက်ဆီး သွားခဲ့ကြောင်း နှင့် တောအုပ်ထဲသို့ ဝင်ရောက်ရန် လမ်းကြောင်း ရှာဖွေနေသည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရှိ အနောက်ဘင်္ဂလား ပြည်နယ်သို့ ဝင်ရောက်လာသည့် တောဆင်ရိုင်းအား တွေ့ရစဉ် (ဆင်ဟွာ)
တောဆင်ရိုင်း ဝင်ရောက်မှု ဖြစ်ပွားပြီး နာရီ အနည်းငယ်အကြာတွင် သစ်တောရေးရာ ဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာကာ မေ့ဆေး သေနတ်ဖြင့် ပစ်ခတ် ထိန်းချုပ်ခဲ့ပြီး ၎င်းအား ကရိန်းဖြင့် မကာ ထရပ်ကားဖြင့် မြို့နှင့် ဝေးရာသို့ သယ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦး ဖြစ်သူ Rishikesh Banerjee က ဆင်ဟွာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ တွင် လူနှင့် တိရစ္ဆာန်ကြား ပဋိပက္ခများသည် တိုးပွားလာသော လူဦးရေနှင့် မြို့များ တိုးချဲ့လာမှု တို့နှင့် အတူ ကြီးထွားလျက် ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က လည်း ဘန်ကာလူရူမြို့ရှိ ကျောင်းတစ်ကျောင်းသို့ ကျားသစ် ဝင်ရောက် တိုက်ခိုက်မှု ကြောင့် လူခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)