Asia
အိန္ဒိယနိုင်ငံအတွင်းရှိ ယာဉ်မောင်းလိုင်စင်များ၏ ၃၀ရာခိုင်နှုန်းသည် လိုင်စင်တုများဖြစ်ကြောင်း အိန္ဒိယဝန်ကြီးပြောကြား

နယူးဒေလီ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အဝေးပြေးလမ်း နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဋ္ဌာနဝန်ကြီး Nitin Gadkari က အိန္ဒိယနိုင်ငံအတွင်း ရှိ ယာဉ်မောင်းလိုင်စင်များ၏ ၃၀ရာခိုင်နှုန်းသည် လိုင်စင်အတုများဖြစ်ကြောင်း ဇန်နဝါရီ ၁၁ရက်တွင် ပြောကြားခဲ့သည်။
Gadkari က အဆိုပါ စကားရပ်ကို လမ်းပိုင်းဆိုင်ရာ လုံခြုံဘေးကင်းမှု မြှင့်တင်ရေး အခမ်းအနားတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
Gadkari က ဝန်ကြီးတစ်ဦးအနေဖြင့် လိုင်စင်အတု ၃၀ရာခိုင်နှုန်းရှိနေကြောင်းထုတ်ဖော်ပြောကြားရခြင်း အတွက် ရှက်မိပါကြောင်း ပြောကြားခဲ့သည်။
လေ့လာတွေ့ရှိချက်များအရ အိန္ဒိယနိုင်ငံတွင် တစ်မိနစ်တိုင်း ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားလျက်ရှိပြီး လေးမိနစ်ကြာတိုင်း ယင်းမတော်တဆမှုများကြောင့် လူတစ်ဦးနှုန်း သေဆုံးလျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ခြင်း၊ လမ်းအခြေအနေများဆိုးရွားခြင်း နှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန၏ ၂၀၁၅ခုနှစ် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုပေါင်း ၅၀၁,၄၂၃ခုကြောင့် လူ ၁၄၆,၁၃၃ဦးသေဆုံးခဲ့ပြီး ၅၀၀,၂၇၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၁၆ခုနှစ်တွင် WHO မှ ထုတ်ပြန်ခဲ့သည့် ၂၀၁၅ခုနှစ် ကမ္ဘာလုံးဆိုင်ရာလမ်းပိုင်းဆိုင်ရာလုံခြုံဘေးကင်းမှု အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၌ ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ် လူပေါင်း ၂၀၀,၀၀၀ကျော် သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)