Europe
အမေရိကန်နိုင်ငံ အို့ခ်လန်မြို့ ပါတီပွဲတစ်ခုတွင် မီးလောင်မှု ကြောင့် လူကိုးဦးသေဆုံး

ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၃ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အရှေ့ဘက် ရှိ အို့ခ်လန်မြို့ တွင် ဒီဇင်ဘာ ၂ရက်နေ့ ညသန်းခေါင်ယံ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၃ရက် နံနက်ပိုင်းအထိ လူ ၉ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူ ၂၅ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် အို့ခ်လန်မြို့သမိုင်းတွင် လူအသေအပျောက်အများဆုံး မီးလောင်မှုတစ်ခုဖြစ်ကာ ဒီဇင်ဘာ ၂ရက် ည ၁၁း၃၀နာရီတွင် နှစ်ထပ် ကုန်လှောင်ရုံ၌ ဂီတပါတီပွဲတစ်ခုပြုလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အို့ခ်လန်မြို့ မီးသတ်တပ်ဖွဲ့အကြီးအကဲ Teresa Deloach-Reed က လူ၁၃ဦး ပျောက်ဆုံးနေကြောင်း Fox News သတင်းဋ္ဌာန၏ ပြည်တွင်းသတင်းဋ္ဌာနခွဲ KTVU သို့ အစောပိုင်း၌ ပြောကြားခဲ့သည်။၎င်းက အဆောက်အဦ၏နေရာအတော်အများ အားဆက်လက်ရှာဖွေရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။သေဆုံးသူ ကိုးဦးအနက် အများစုအား အို့ခ်လန်သရဲသင်္ဘောဟု ခေါ်သည့် အဆောက်အဦ၏ ဒုတိယထပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါတီပွဲအား ညနေ ၉နာရီမှ မနက်၄နာရီအထိ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် အဆောက်အဦအတွင်း၌ လူအများအပြား ရှိနေကြောင်း သိရသည်။ ယာယီလှေကားကို အသုံးပြု၍ ဒုတိယထပ်မှ လူများစုပြုံတိုးဝှေ့ကာ ပထမထပ်သို့ ပြေးဆင်းလာသဖြင့် ခေါင်မိုးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။Deloach-Reed က အဆိုပါ အဆောက်အဦတွင် မီးသတ်သည့် အလိုအလျောက်ရေဖျန်းစနစ်မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)