North America
အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကာဗွန်ထုတ်လုပ်မှု လျော့ချရေး အတွက် တရုတ်သမ္မတ ကတိပြု
ဆန်ဖရန်စစ္စကို ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် သဘာဝတရားနှင့် လူသားတို့အကြား ဟန်ချက် ညီညီ တိုးတက်စေရန် ရည်ရွယ်ပြီး ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်တွင် ကျင်းပသည့် (၇) ကြိမ်မြောက် သန့်ရှင်းသော စွမ်းအင် ရရှိရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲ (CEM) နှင့် ဝန်ကြီးအဆင့် ဆန်းသစ်သော နည်းလမ်း ရှာဖွေ ဖော်ထုတ်ရေး ညီလာခံသို့တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သဝဏ်လွှာ ပေးပို့ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ၏ သဝဏ်လွှာကို တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yin Hejun က ဖတ်ကြား တင်သွင်းခဲ့သည်။ ၎င်းဆွေးနွေးပွဲသည် ၂ဝ၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကုလသမဂ္ဂ အဖွဲ့ကြီးမှ ဦးဆောင် ကျင်းပခဲ့သည့် သန့်ရှင်းသော စွမ်းအင် ရရှိရေး ဆွေးနွေးပွဲ နောက်ပိုင်း အဆင့်အမြင့်ဆုံး ဆွေးနွေးပွဲကြီး တစ်ခုဖြစ်သည်။
သန့်ရှင်းသော စွမ်းအင် အသုံးချရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံစိုးရိမ် ပူပန်စရာ ကိစ္စရပ် တစ်ခု ဖြစ်နေသည်ကို ယခုဆွေးနွေးပွဲက ပြသရာ ရောက်ကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ရှေ့လျှောက် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ အယူအဆတွင် တီထွင် ဆန်းသစ်ခြင်း ၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစိမ်းရောင် ဖွံ့ဖြိုးမှု ၊ ပွင့်လင်းမြင်သာမှုနှင့် အပြန်အလှန် ဝေမျှမှုများပေါ်တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။
သန့်ရှင်းသော စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး အတွက်တရုတ်နိုင်ငံက အဓိကထား ကြိုးပမ်း အားထုတ်နေကြောင်း ၊ စက်မှုလုပ်ငန်း အတွက် အကောင်းဖက်က ရှု့မြင်ကြောင်း ၊ ကာဗွန် ထုတ်လုပ်မှု လျှော့ချမည့် စနစ်ကို ဖန်တီးနေကြောင်း ၊ အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးထောက်ခံကြောင်း ၊ ပို့ဆောင်ရေး ကဏ္ဍတွင် ကာဗွန်ထုတ်လုပ်မှု လျော့နည်းစေရန် လုပ်ဆောင်နေကြောင်းနှင့် အမျိုးသား ကာဗွန်ထုတ်လုပ်မှု ကူးသန်းရောင်းဝယ်ရေး ဈေးကွက်ကို တည်ဆောက်နေကြောင်း သဝဏ်လွှာတွင် ဆက်လက် ဖော်ပြထားသည်။
ဇွန်လ ၂ ရက် မှ ၃ ရက်ထိ ၂ ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ စွမ်းအင်ဌာနက ဦးဆောင် ကျင်းပပေးခြင်း ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ကိုယ်စားလှယ်များ ၊ ဆက်စပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်နေကြောင်း သိရသည်။ ထို့ပြင် အမေရိကန် နိုင်ငံ သမ္မတ အိုဘားမားကလည်း ဆွေးနွေးပွဲသို့မိန့်ခွန်း ဗီဒီယိုဖိုင် ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်နေကြသူများအား လာမည့် ၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၈) ကြိမ်မြောက် သန့်ရှင်းသော စွမ်းအင် ရရှိရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့တက်ရောက် ပေးကြပါရန် တရုတ်နိုင်ငံသမ္မတ ရှီက ဖိတ်မန္တက ပြုထားကြောင်း သိရသည်။ (Xinhua)