Connect with us

North America

အမေရိကန် မှောင်ခိုသေနတ်များကြောင့် အုပ်စုလိုက်ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားနေသည်ဟု မက္ကဆီကို ပြော

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၂၀၁၉ ခုနှစ် မေလက ဖမ်းဆီးရမိသည့် သေနတ်များအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို စီတီး၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်မှ မှောင်ခိုတင်သွင်းလာသည့် သေနတ်များကြောင့် မက္ကဆီကိုနိုင်ငံတွင် အုပ်စုလိုက် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရအနေဖြင့် သေနတ်မှောင်ခိုနှိမ်နှင်းမှုကို ဦးစားပေးမူဝါဒတစ်ခု အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ လွန်ခဲ့သောရက်များက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

မက္ကဆီကိုတွင် လူသတ်မှုနှင့်အခြားကြီးလေးသည့်ပြစ်မှုကို ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက် ၁၀ ခုအနက် ၇ ခုမှာ အမေရိကန်မှ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သော ၁၀ နှစ်ကျော်ကာလအတွင်း ပြစ်မှုကျူးလွန်သူများသည် အမေရိကန်မှ မှောင်ခိုတင်သွင်းသည့် သေနတ်များကို အသုံးများလာကြောင်း ၊အဆိုပါ သေနတ်များမှာ အဓိကအားဖြင့် မှောင်ခိုဈေးကွက်မှ လည်းကောင်း ၊ လက်နက်အရောင်းဆိုင်များမှ ရောင်းချခြင်း သို့မဟုတ် ခိုးယူခြင်းဖြင့်လည်းကောင်း ရရှိခြင်းဖြစ်သည်ဟု သိရသည်။

၁၉၉၇ ခုနှစ်က မက္ကဆီကို၌ ဖြစ်ပွားခဲ့သောလူသတ်မှုများတွင်သေနတ်အသုံးပြုမှုမှာ ၁၅ ရာခိုင်နှုန်း သာ ရှိသော်လည်း ယခုအခါတွင် ၇၀ ရာခိုင်နှုန်းအထိ တိုးပွားလာကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် နယ်စပ် သေနတ်မှောင်ခိုရောင်းဝယ်သည့်နေရာများကို ပစ်မှတ်ထား ရှင်းလင်းမှုများ လုပ်ဆောင်သင့်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာတွင် အမေရိကန်အနေဖြင့်အတူပူးပေါင်း တာဝန်ယူဆောင်ရွက်ရန် တောင်းဆိုကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ဇူလိုင် ၂၁ ရက်က မက္ကဆီကို စီးတီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ထုတ်ပြန်သည့် သတင်းအရ နှစ်စဉ် အမေရိကန် သေနတ် ၂ သိန်းခန့်သည် နယ်စပ်မှတစ်ဆင့် မှောင်ခိုကူးကာ မက္ကဆီကို သို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ မက္ကဆီကိုတွင် ဖမ်းဆီးရမိသည့်သေနတ်များမှာ အဓိကအားဖြင့် အမေရိကန်မှဖြစ်ကြောင်း နှင့် ၎င်းတို့အနက် တစ်ဝက်မှာ ပစ်စတိုနှင့် ရိုင်ဖယ်သေနတ် အမျိုးအစားဖြစ်ကြောင်းကို အမေရိကန် အရက်၊ဆေးရွက်ကြီး သေနတ်နှင့်ပေါက်ကွဲရေးပစ္စည်း ထိန်းချုပ်မှုဌာန(ATF)က အတည်ပြုထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)