Connect with us

North America

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်နိုင်ငံနုတ်ထွက်ခြင်းကို သမ္မတဘိုင်ဒန် ပြန်လည်ရုပ်သိမ်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်သည့် ၄၆ ယောက်မြောက် အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ ဘိုင်ဒန် နှင့် ဇနီး ဝင်ရောက်လာစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်း အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီအနည်းငယ်အတွင်းမှာပင် ဂျိုးဘိုင်ဒန်သည် သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက် ယခင်နှစ်က စတင်အကောင်အထည်ဖော်ခဲ့သည့် WHO မှ အမေရိကန်နိုင်ငံနုတ်ထွက်ခြင်း အစီအစဉ်ကို သမ္မတအမိန့်အာဏာတစ်ရပ်ဖြင့် ပြန်လည်ရုပ်သိမ်းပယ်ဖျက်ကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လက WHO မှ အမေရိကန်နိုင်ငံနုတ်ထွက်ကြောင်း ထရမ့်အစိုးရ ထုတ်ပြန်ကြေညာခဲ့ချိန်တွင် ဘိုင်ဒန်သည် “ အမေရိကန်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်အောင် ထိတွေ့ ဆောင်ရွက်ရင်း အမေရိကန်နိုင်ငံသားတွေဟာလည်း ဘေးကင်းလုံခြုံကြမှာပါ။ သမ္မတအဖြစ် ကျွန်တော့်ရဲ့ပထမဆုံးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ထဲကို ပြန်လည်ဝင်ရောက်မယ်။ ပြီးတော့ ကမ္ဘာ့ဇာတ်ခုံမှာ ကျွန်တော်တို့ရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရယူသွားမယ်” ဟု ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ရေးသား ဖော်ပြခဲ့သည်။

လာမည့် ရက်သတ္တပတ်တွင် ကျင်းပရန်ရှိသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ နှစ်ပတ်လည်အစည်းအဝေးသို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ရန် အမေရိကန်ထိပ်တန်းကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖော့ဆီ(Anthony Fauci) အား သမ္မတဘိုင်ဒန်က ရွေးချယ်တာဝန်ပေးအပ်ထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ထရမ့် နှင့် သူ၏ အစိုးရအဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား ထပ်ခါတလဲလဲ ပြစ်တင်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ယင်းလုပ်ရပ်မှာ ထရမ့်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ COVID-19 ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်ပုံ မှားယွင်းမှုအပေါ် ပြစ်တင်ခြင်း မခံရလေအောင် ရှောင်လွှဲရန် ကြိုးပမ်းမှု နှင့် ပြည်သူ့ကျန်းမာရေးအကြပ်အတည်းအမည်တပ်ကာ တန်ပြန်အာရုံလွှဲမှုသာဖြစ်ကြောင်း ကျွမ်းကျင်သူများ နှင့် ဒီမိုကရက်တစ်များက ဝေဖန်ခဲ့ကြသည်။

အမေရိကန်နိုင်ငံသည် ဇန်နဝါရီ ၂၀ ရက် အထိ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၂၄.၄ သန်းရှိခဲ့ပြီး ယင်းနှင့်စပ်ဆက်၍ သေဆုံးသူ ၄၀၅,၀၀၀ ဦးရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက် အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.