North America
အမေရိကန်နိုင်ငံတွင် ရေနံတူးစင်ပေါက်ကွဲမှုကြောင့် လူ ၅ဦးပျောက်ဆုံးနေ

ဟူစတန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အရှေ့ပိုင်း တွင် ဇန်နဝါရီ၂၂ရက် နံနက်ပိုင်းက ရေနံတူးစင်တစ်ခု ပေါက်ကွဲခဲ့မှုကြောင့် လူ ၅ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ပေါက်ကွဲမှုသည် အမေရိကန်နိုင်ငံ တောင်ပိုင်း အိုကလာဟိုးမားပြည်နယ် မြို့တော် အိုကလာဟိုးမားမြို့ အရှေ့ဘက် ၂၄၀ကီလိုမီတာခန့် ရှိ Quinton မြို့အနောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိုကလာဟိုးမားအရေးပေါ်စီမံခန့်ခွဲမှုရုံး က ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိမှု နှင့် လူသေဆုံးမှု ရှိ၊မရှိကို ရှင်းလင်းစွာသိရှိခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
Pittsburg စီရင်စု အရေးပေါ်ဋ္ဌာန မန်နေဂျာ Kevin Enloe က ပေါက်ကွဲမှုဖြစ်ပွားပြီနောက် ရေနံတူးစင်မှ အလုပ်သမား ၁၇ဦးခန့်ကို ပြန်လည်ခေါ်ယူခဲ့သော်လည်း ဇန်နဝါရီ ၂၂ရက် နေ့လည်ပိုင်းထိ အလုပ်သမား ၅ဦးပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရေနံတူးစင်အား Red Mountain Energy မှ တာဝန်ယူလုပ်ဆောင်နေခြင်းဖြစ်ကြောင်း အိုကလာဟိုးမားကော်ပိုရေးရှင်းကော်မရှင် ၏ ပြောရေးဆိုခွင့်ရှိသူ Matt Skinner ကပြောကြားခဲ့သည်။
Red Mountain Energy သည် ရေနံတူးဖော်ရေးဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနေပြီး အဆိုပါကုမ္ပဏီအား ၂၀၁၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ အိုကလာဟိုးမားမြို့တွင် ရုံးချုပ်ထားရှိကြောင်း သိရသည်။ (Xinhua)