News
နှစ်သစ်ကူးညက အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုအား တိုက်ခိုက်ခဲ့သော သေနတ်သမားကို ဖမ်းဆီးရမိ

အစ္စတန်ဘူလ် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)
၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးညက လူပေါင်း ၃၉ ဦး သေဆုံးခဲ့ရသော တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် သေနတ်သမားကို ဇန်နဝါရီလ ၁၆ ရက် ညပိုင်းတွင် အစ္စတန်ဘူလ်မြို့၌ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း တူရကီသတင်းဌာနက သတင်းဖော်ပြသည်။
၁၇ ရက်ကြာ ထွက်ပြေးလွတ်မြောက်နေသော သေနတ်သမားကို Esenyurt ခရိုင်အတွင်းရှိ ၎င်း၏ သူငယ်ချင်းနေအိမ်ခန်း တစ်ခုမှ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းအဖမ်းခံရချိန်တွင် လက်နက်ကိုင်ဆောင်ထားခြင်း မရှိကြောင်း Hurriyet နေ့စဉ်သတင်းစာက ဆိုသည်။
အဆိုပါ သေနတ်သမားမှာ ဥဇဘတ်ကစ္စတန်လူမျိုး Abdulgadir Masharipov ဖြစ်ကြောင်းရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ပြီး ဖမ်းဆီးမှုစစ်ဆင်ရေးအတွင်း အသက် ၄ နှစ်ရွယ်ရှိ ၎င်း၏ သားငယ်တစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း NTV သတင်းဌာနက ဆိုသည်။
Masharipov အား စုံစမ်းစစ်ဆေးမှုပြုလုပ်မည့် တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ထံ မလွှဲပြောင်းမီ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများကို ဦးစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)