ဟူသီလက်နက်ကိုင်များ၏ ဆော်ဒီရေနံစခန်းတိုက်ခိုက်မှုကို ယီမင်အစိုးရ ပြစ်တင်ရှုံ့ချ

ဆော်ဒီအာရေဗျရှိ ရေနံစခန်းတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Africa & Middle East

ကူဝိတ်စီးတီး၊ မေ ၁၄ ရက်(ဆင်ဟွာ)

ဟူသီလက်နက်ကိုင်များက ဆော်ဒီအာရေဗျရှိ ရေနံစခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအား ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း ယီမင် အစိုးရက မေ  ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ဟူသီလက်နက်ကိုင်များက  ဆော်ဒီအား ပစ်မှတ်ထားတိုက်ခိုက်မှုမှာ လုံးဝခွင့်လွတ်နိုင်ဖွယ်မရှိ ကြောင်း ၊ ၄င်းမှာ ယီမင်ပြန်လည်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကုလသမဂ္ဂ၏ကြိုးပမ်းချက်များကို ဖျက်ဆီးရာရောက်ကြောင်း ၊ ဟူသီလက်နက်ကိုင်များသည် ဒေသနှင့် နိုင်ငံတကာ၏လုံခြုံရေးအတွက် အမှန်တကယ်ပင်အန္တရာယ်ဖြစ်စေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အချင်းဖြစ်ပွားသည့်နေ့အစောပိုင်းတွင် ဟူသီလက်နက်ကိုင်များက မောင်းသူမဲ့လေယာဉ်  ၇ စင်း ဖြင့်  ဆော်ဒီရှိ အရေးပါသည့်အဆောက်အဦများကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၄င်းတို့ထိန်းချုပ်ထား သည့်  Masirah ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ 

ဆော်ဒီ၏အဓိက ရေနံပိုက်လိုင်း လမ်းကြောင်းရှိ ရေနံစခန်းနှစ်ခု  မေ ၁၄ ရက်တွင် မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်ခံရရာ  ပျက်စီးမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဆော်ဒီ စွမ်းအင်ဝန်ကြီး Khalid A. Al-Falihက အချင်းဖြစ်ပွားသည့်နေ့တွင်  ပြောကြားခဲ့ကြောင်း သိရသည်။  အဆိုပါတိုက်ခိုက်မှုမှာ ပျော့ညံသည့်တိုက်ခိုက်မှုဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ်ကို ပြစ်တင်ရှုံ့ချကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီးက ဆိုသည်။ ဆော်ဒီရေနံထုတ်လုပ်မှုကို ထိခိုက်မှုမရှိဟုလည်း ၄င်းက ဆိုသည်။ 

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို သိမ်းပိုက်နိုင်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ၄င်းအား လက်တုန့်ပြန်သည့်အနေဖြင့် ဟူသီလက်နက်ကိုင်များက ဆော်ဒီနယ်နိမိတ် အတွင်းသို့  ဒုံးကျည်များပစ်လွှတ်တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။(Xinhua)