Connect with us

Videos

ဖားကန့်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရာနှင့်ချီသေဆုံး၊ ကယ်ဆယ်ရေးလုပ်ငန်းများ အန္တရာယ်ရှိလာသဖြင့်ခေတ္တရပ်နားထား

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ ရပ်ကွက်(၆) လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ(ဒေသအခေါ် တစ်သုံးလုံးကုမ္ပဏီ)၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းကမ်းပါးမြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၂၅ ဦးထိရှိလာကြောင်း နှင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ အန္တရာယ်ရှိလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခေတ္တရပ်နားထားကြောင်း ဖားကန့်မြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး ဒုဦးစီးမှူးက ဆင်ဟွာသို့ပြောကြားသည်။

အဆိုပါ မြေစာပုံပြိုကျသည့်နေရာ၌ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများစွာ ကယ်ဆယ်ရှာဖွေရေးပြုလုပ်လျက်ရှိပြီး မြေအနေအထားအရ ထပ်မံပြိုကျလာနိုင်သည့်အခြေအနေများရှိနေကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ရေမဆေးသမားများက ရေမဆေးကျောက်ဝင်ရောက်ရှာဖွေနေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာမှ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အများအပြား နွံနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ မြေစာပုံပြိုကျသည့်နေရာသည် နိုင်ငံတော်နှင့် အကျိုးတူ လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းများယာယီရပ်နားထားသည့် ရတနာကြယ် ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဖြစ်ပြီးအမြင့် ၁,၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားများအပ်ကြောင်းဖြစ်ပြီး ပြိုကျကာ အောက်ခြေတွင်ရှိသော အကျယ် ၁,၀၀၀ x ၅၀၀ ပေခန့်ရှိ ရေကန်အတွင်းသို့ မြေသားများဝင်ရောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ရေကန်ပတ်လည်တွင် ရေမဆေး ကျောက်ရှာဖွေသူများသည် နွံလှိုင်းရိုက်ခတ်မှုများကြောင့် ရေကန်အတွင်းသို့ မြေသားများနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိ အချိန်ထိ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၂၅ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း သိရသည်။လုံးခင်း၊ ဖားကန့် ၊ ခန္တီး ၊ မော်လူး နှင့် မော်ဟန်ရတနာနယ်မြေများတွင် မိုးရာသီကာလ သုံးလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ကျောက်မျက်ရတနာကုမ္ပဏီများသို့ ဇူလိုင်လ ၁ ရက်က ညွှန်ကြားစာ ပေးပို့အကြောင်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆင်ဟွာသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.