Videos
သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စတင် ဖွင့်လှစ် လည်ပတ်
သထုံ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
မွန်ပြည်နယ် ၊ သထုံမြို့ရှိ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအား ယနေ့ဧပြီ ၅ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်း ဖြစ်မြောက်ရေး အတွက် ကူညီပေးခဲ့ကြသူများတွင် China Engineering Energy Co.,Ltd လည်း ပါဝင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ နိုင်ငံ တစ်နိုင်ငံ တည်ငြိမ် အေးချမ်းရေး အတွက် ဖွံ့ဖြိုး တိုးတက်ရေးသည် အင်မတန် အရေးကြီးကြောင်း ၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်း ပံ့ပိုးပေးကြသည့် အဖွဲ့အစည်းများ နှင့် နိုင်ငံများ ၊ မိတ်ဆွေ နိုင်ငံများကို ကျေးဇူးတင်ကြောင်း ၊ လျှပ်စစ် ဓာတ်အား ရရှိရေး သာမက အဘက်ဘက်တွင် နိုင်ငံ တိုးတက်ရေး အတွက် ကူညီပေးနေသည့် အဖွဲ့အစည်းများ ၊ နိုင်ငံများကို ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က နောက်ပိုင်းတွင် စက်ရုံ၏ ဓာတ်အားများသည် နိုင်ငံတော် ဓာတ်အား စနစ်ထဲ ဝင်သကဲ့သို့မွန်ပြည်နယ်၏ လိုအပ်ချက်ကိုလည်း ဖူဖူလုံလုံ ပေးနိုင်မည် ဖြစ်သည့် အပြင် ကရင် ပြည်နယ် အတွက် ဓာတ်အား လိုအပ်ချက်ကို လည်း ဖြည့်ပေးနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ယခု စီမံကိန်းသည် ကမ္ဘာ့ဘဏ်၏ ငွေကြေးကို ချေးယူပြီး ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဖြင့် စက်ရုံ တည်ဆောက်ရန် တင်ဒါ ခေါ်ယူကာ China Engineering Energy Co.,Ltd က တင်ဒါ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသည့် ဓာတ်အားကို စစ်တောင်း-သထုံ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၊ သထုံ – မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တို့ဖြင့် ချိတ်ဆက်ကာ နိုင်ငံတော် ဓာတ်အား စနစ်ထဲသို့ပို့မည် ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ယခုအခါတွင် မိမိတို့မြို့နယ်တွင် လုံလောက်သော လျှပ်စစ် ဓာတ်အား ရရှိတော့မည် ဖြစ်သည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ ထို့အပြင် စက်ရုံ အနီးရှိ ကျေးရွာများတွင် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီး လျှပ်စစ်မီး သုံးစွဲနိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်၍ အထူး ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ယခုအခါတွင် မွန်ပြည်နယ်၌ လျှပ်စစ် ဓာတ်အား ၅၁ ရာခိုင်နှုန်းရရှိပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)