Connect with us

International Organizations

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် တားမြစ်ဆေးကျရှုံးခဲ့ဟု ဘီဘာအိုနောက်ခံလူ အယ်လ်ဗာရက်ဇ် ဝန်ခံ

မက်ဒရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ဘီဘာအိုအသင်း နောက်ခံလူ ယာရေ အယ်လ်ဗာရက်ဇ်က တားမြစ်ဆေးကျရှုံးခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် လေးနှစ်အထိ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က ဝှေးစေ့ကင်ဆာရောဂါကို ကုသမှုခံယူခဲ့ရပြီးနောက် တစ်နှစ်အကြာ ရောဂါပြန်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုရောဂါအား ကျော်လွှားနိုင်ခဲ့သည့် အသက် ၃၀ အရွယ် အဆိုပါကစားသမားက ဆိုရှယ်မီဒီယာ၌ ကြေညာချက်ထုတ်ပြန်ခဲ့ကာ ပြီးခဲ့သည့်ရာသီ၌ မန်ချက်စတာယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် တားမြစ်ဆေးသုံးစွဲထားကြောင်း ဆေးစစ်ချက်ထွက်လာခဲ့သည့် အကြောင်းရင်းကို ရှင်းလင်းပြောဆိုခဲ့သည်။
ထိုသို့ တားမြစ်ဆေးကျရှုံးခဲ့ခြင်းမှာ ၎င်းအနေဖြင့် ဓာတုကုထုံးခံယူခဲ့ရပြီးနောက် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ရန် အသုံးပြုရသော ကုထုံးတစ်ခုကြောင့်ပင်ဖြစ်ကြောင်း နောက်ခံလူ အယ်လ်ဗာရက်ဇ်က ရှင်းပြခဲ့သည်။
“ရောဂါကနေ သက်သာလာပြီးတော့ ကျွန်တော် ဆံပင်အကွက်လိုက်ကျွတ်ခြင်းကနေ ကာကွယ်တဲ့ ကုထုံးကို နှစ်အတန်ကြာ ခံယူနေရတာပါ။ ကျွန်တော့်အခြေအနေကို လေ့လာဆန်းစစ်ကြည့်တော့ ဆံပင်မကျွတ်အောင်ကာကွယ်တဲ့ ကုထုံးကိုခံယူရင်း မရည်ရွယ်ဘဲ တားမြစ်ဆေးသုံးမိခဲ့လို့ ဆေးကျရှုံးခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်” ဟု ၎င်းက ဆိုသည်။
“အဲဒီသတင်းကို ကြားလိုက်ရတာက ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။ ကျွန်တော့်ဘဝမှာ တစ်ခါမှ တားမြစ်ဆေးမသုံးဖူးတော့ အဲဒီရလဒ်ကို မယုံနိုင်ခဲ့ပါဘူး” ဟု ၎င်းက ဆိုရှယ်မီဒီယာ၌ ပို့စ်တင်ခဲ့သည်။
အဆိုပါ ကစားသမားအနေဖြင့် လေးနှစ်အထိ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိသော်လည်း ၎င်းအား ကနဦးကတည်းက ကူညီပံ့ပိုးခဲ့သည့် ကလပ်အသင်းအား ကျေးဇူးတင်ကြောင်း၊ ၎င်းအနေဖြင့် တရားဥပဒေနှင့် အားကစားဆိုင်ရာ အဖွဲ့အစည်းများအပေါ် ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အပြန်အလှန်အနေဖြင့် ဘီဘာအိုအသင်းကလည်း မရည်ရွယ်သော အမှားဖြစ်သည့်အတွက် အယ်လ်ဗာရက်ဇ်ဘက်မှ အပြည့်အဝရပ်တည်ကြောင်း၊ သို့သော် စုံစမ်းစစ်ဆေးစဉ် ကာလအတွင်း တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………………………………
(English Version)
Athletic Bilbao defender Alvarez admits testing positive after Europa League semifinal
MADRID, July 11 (Xinhua) — Athletic Club Bilbao defender Yeray Alvarez has admitted giving a positive drugs test and faces a possible suspension of up to four years.
The 30-year-old who in 2016 was treated for testicular cancer and suffered a relapse a year later before beating the illness, posted a statement on social media, explained he had given a positive test for a banned substance after last season’s Europa League semifinal against Manchester United.
The defender explained the positive result was due to a treatment he had been using to prevent hair-loss after his sessions of chemotherapy.
“After overcoming my illness, I have been following a treatment against alopecia for several years and after studying my case, we have found that the positive was because I took a prohibitive substance involuntarily in my treatment against hair-loss.”
“It was a serious blow to receive this news, I couldn’t believe it, as never in my life have I consumed prohibited substances,” Yeray posted on social medial.
The player could face a sanction of up to four years, but said he “wanted to thank” his club for “its support from the first moment, while showing my confidence in justice and in sporting institutions.”
Athletic Bilbao in return offered Yeray its “total support” for a “human error” but said it would not make declarations while the case was ongoing.”