Connect with us

Local

နိုင်ငံခြား ဘဏ်များနှင့် ချေးငွေပိုင်း ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိရန် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ မျှော်လင့်

၄ ကြိမ်မြောက် မြန်မာဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေး ဖလှယ်ပွဲအား ကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက်တွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အနေဖြင့် နိုင်ငံခြားဘဏ်များနှင့် ချေးငွေပိုင်း ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိရန် မျှော်လင့်ကြောင်း ဘဏ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

“အစိုးရသစ်က နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်တွေ နည်းတူ လုပ်ငန်းဆောင်ရွက်ဖို့ဖြေလျှော့ ပေးတယ် ဆိုရင်တောင် ယှဉ်ပြိုင်ဖို့အတွက် လူသား အရင်းအမြစ်တွေ ၊ ဘဏ်ခွဲ ကွန်ရက် တည်ဆောက်မှုတွေ သူတို့ဘယ်လို ရနိုင်မလဲ။ ဒီတော့ ပြည်တွင်းမှာ သူတို့ကို ဖြေလျှော့ ပေးလိုက်တယ် ဆိုရင်တောင် ကျွန်တော်တို့က သူတို့နဲ့ပူးပေါင်း ဆောင်ရွက် နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ဆိုရင် နှစ်ရှည် ချေးငွေတွေ ပေးလေ့ မရှိဘူး။ သူတို့တွေက အရင်းအနှီး အခြေခံ သိပ်ကြီးတဲ့ အတွက် ကျွန်တော်တို့နဲ့သူတို့စီမံကိန်းဆိုင်ရာ ချေးငွေ ၊ နှစ်ရှည် ပေးငွေ ပေးတာတွေမှာ ပူးပေါင်း သွားလို့ ရပါတယ်”ဟု AYA Bank မှ ဒုတိယ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုးလင်းက ပြောသည်။
“ အစိုးရသစ်က နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်တွေ နည်းတူ လက်လီ ဘဏ်လုပ်ငန်း retail banking လုပ်ခွင့်မပေးဖို့တော့ မျှော်လင့်ပါတယ်။ ပေးမယ်ဆိုလဲ ကျွန်တော်တို့က ယှဉ်ပြိုင် နိုင်မှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့မှာ ပြည်တွင်း ဈေးကွက်နဲ့ပတ်သက်ပြီး အကျွမ်းမဝင်သလို ဒီဈေးကွက် ဆိုင်ရာ အသိလဲ အားနည်း ပါတယ် ”ဟု YOMA ဘဏ်၏ ဥက္ကဋ္ဌ နှင့် အမှုဆောင် အရာရှိချုပ်၏ အထူးအကြံပေး ၊ အမှုဆောင် ကော်မတီ အဖွဲ့ဝင် Mr. Hal Bosher က ပြောသည်။
ယခုအချိန်တွင် ပြည်တွင်း ဘဏ်ပေါင်း ၂၅ ခုကျော် ရှိပြီး ပြည်တွင်း၌ ဘဏ်ခွဲ ဖွင့်လှစ်၍ လုပ်ကိုင် ဆောင်ရွက် နေသည့် နိုင်ငံခြား ဘဏ် ၉ ခု ရှိပြီး ယခုနှစ် မတ်လ အတွင်း နိုင်ငံခြားဘဏ် ၄ ခု အား လိုင်စင် ထပ်မံချထား ပေးထားကြောင်း သိရသည်။
ထို့အတူ ၂၀၁၆ အလွန်တွင် ဖြစ်ပေါ် ပြောင်းလဲလာမည့် မူဝါဒ ရေးရာနှင့် ဘဏ္ဍာရေး ကဏ္ဍ အခြေအနေများ အပေါ် ယနေ့ဇွန်လ ၂၈ ရက်တွင် ၄ ကြိမ်မြောက် မြန်မာ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေး ဖလှယ်ပွဲ (MBFC 2016) ကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ ဘဏ်လုပ်ငန်း နှင့် ငွေကြေး ဆိုင်ရာ ကဏ္ဍများရှိ ကျွမ်းကျင်သူပေါင်း ၂၅၀ ကျော် တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.