Connect with us

Local

မြန်မာနိုင်ငံ ကုန်သွယ်ရေး ကဏ္ဍ စိန်ခေါ်မှုများ ရှိနေပြီး နည်းလမ်း ၃ ခုဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်မည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်

မြန်မာ နိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားအား နေပြည်တော်၌ ကျင်းပခဲ့စဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ပြီး ပြည်သူပြည်သားတိုင်း ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် အဓိက အချက်သုံးချက်ကို မြန်မာနိုင်ငံ ကုန်သွယ်မှု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ကမ္ဘာ့ဘဏ်မှ ယနေ့ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ကုန်သွယ်မှု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာအရ ပြည်သူ ပြည်သားတိုင်း ပါဝင်သည့် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် အဓိက ၃ ချက်မှာ ကုန်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ အတွက် ကုန်ကျစရိတ်များ သက်သာစေရန် လိုအပ်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် ၊ သဘာဝ သယံဇာတ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများအပေါ် အလွန်အကျွံ မှီခိုနေရခြင်းမှ ရှောင်လွှဲနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု ဘက်ညီမျှစေရန် အပေါ့စား ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ရေရှည် အလုပ်ဖြစ်မည့် စိုက်ပျိုးရေး ထုတ်ကုန်များစသည့် အလားအလာ ကောင်းများစွာရှိသည့် ကဏ္ဍများတွင် တိုးချဲ့ဆောင်ရွက်ရန်၊ ရုပ်ပိုင်း အခြေခံ အဆောက်အဦးများတွင် ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးရလဒ်များကို ရရှိရေးတွင် အထောက်အကူပြုနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း ဥပဒေများကို ပြုပြင် ပြောင်းလဲခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ စွမ်းဆောင်ရည်များကို မြှင့်တင် ဆောင်ရွက်ခြင်းများစသည့် ရုပ်ပိုင်း မဟုတ်သည့် အခြား အခြေခံ အဆောက်အဦးများ (soft infrastructure) ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိန်ခေါ်မှုများ အနေဖြင့် ကုန်သွယ်ရေး အတွက် ကုန်ကျစရိတ်များ ပိုမို ဖြစ်ပေါ်စေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ အားနည်းခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ရန် အထူး လိုအပ်နေခြင်း၊ အရည်အသွေးနှင့် စံနှုန်း သတ်မှတ်ခြင်း အတွက် အခြေခံ အဆောက်အဦးကဏ္ဍ အားနည်းနေခြင်းတို့မှာ လိုအပ်ချက်များ အနက် အချို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဖွံ့ဖြိုးရေး ဘက်စုံ လေ့လာဆန်းစစ်မှု (Myanmar Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ အသစ်အရ ကုန်သွယ်မှု လုပ်ငန်းများ လျင်လျင်မြန်မြန် ဖွံ့ဖြိုး တိုးတက်လာမည် ဆိုပါက မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ချမ်းသာကြွယ်ဝမှုများကို ဝေမျှ ပိုင်ဆိုင်နိုင်ရေး အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာတွင် ကုန်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာခြင်းမှ ပြည်သူပြည်သားတိုင်း အကျိုးခံစားခွင့် ရှိစေရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် ကျွမ်းကျင်မှု အားနည်းချက်များကို မြှင့်တင်ရန်၊ ငွေကြေး အရင်းအနှီး လက်လှမ်းမီ ရရှိမှုကို မြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်း ကဏ္ဍကို မြှင့်တင်ရန်၊ အခြေခံ အဆောက်အဦးများကို မြှင့်တင်ခြင်းဖြင့် နောက်ကျ ကျန်နေသည့် ဒေသများကို ဈေးကွက်များနှင့် ချိတ်ဆက်ပေးရန် တို့ကို အကြံပြု တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ကဏ္ဍသည် နည်းပါးသည့် အခြေခံအဆင့်မှ အစပြုခဲ့ရာ ယခုအခါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးလာသည့်အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုပေးနိုင်ခဲ့ပြီး နှစ်စဉ် ယေဘုကျ အားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၇ ရာခိုင်နှုန်းခန့် ရှိလာကြောင်း ၊ ၂၀၀၅ နှင့် ၂၀၁၄ ခုနှစ် အတွင်းတွင် အထည်ချုပ် လုပ်ငန်းမှ နိုင်ငံခြား တင်ပို့မှုသည် သုံးဆတက်လာခဲ့ပြီး ၂၀၀၉ နှင့် ၂၀၁၅ ခုနှစ် အတွင်းတွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကဏ္ဍသည် ၃၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု နှုန်းသည် တစ်နှစ်လျှင် ၇.၇ ရာခိုင်နှုန်းဖြင့် တိုးတက်ရန် ရည်မှန်းထားသည့် အလျောက် ထိုရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ပါက တိုင်းပြည်၏ ဂျီဒီပီကို လာမည့် ကိုးနှစ်မှ ဆယ်နှစ်အတွင်း နှစ်ဆခန့် မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.