Connect with us

Local

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အတွင်း စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်း

ရန်ကုန်စတော့အိတ်ချိန်း ပထမဆုံးစတင်ဖွင့်လှစ်သည့်ရက်၌ စတော့ဈေးနှုန်းများအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အတွင်း စတော့ရှယ်ယာဈေးနှုန်းများ ဆက်လက် ကျဆင်းနေကြောင်း စတော့အိတ်ချိန်းရှယ်ယာရောင်းချသူများထံမှ သိရသည်။

အဆိုပါ စတော့အိတ်ချိန်းဈေးကွက်၌ စက်တင်ဘာ ၃ဝ ရက် စတော့အိတ်ချိန်း ဈေးကွက်ပိတ်ချိန် တွင် FMI ကုမ္ပဏီရှယ်ယာတစ်စုလျှင် ကျပ် ၁၆ဝဝဝ၊ မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ(MTSH) ရှယ်ယာတစ်စုလျှင်ကျပ် ၄၃ဝဝဝနှင့် မြန်မာနိုင်ငံသားများ ဘဏ်ကုမ္ပဏီ (MCB) ရှယ်ယာတစ်စုလျှင် ကျပ် ၈၃ဝဝ ဖြင့် ဈေးပိတ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။

“အစုရှယ်ယာရောင်းနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ရှယ်ယာအဟောင်းတွေကို ထုတ်ရောင်းနေတာဖြစ်ပြီး အသစ်ဆောင်ရွက်မယ့် လုပ်ငန်းတွေ၊ စီမံကိန်းတွေ ချမပြနိုင်သေးတော့ လူထုကလည်း စိတ်ဝင်စားမှုနည်းနေတဲ့ သဘောပါ” ဟု စီးပွားရေး ပညာရှင်တစ်ဦးက ဆိုသည်။စက်တင်ဘာ ၃ဝ ရက် စတော့အိတ်ချိန်း ဈေးကွက်ပိတ်ချိန်တွင် FMI ကုမ္ပဏီသည် ရှယ်ယာအစုအရေအတွက် ၂၇၂၇ ရောင်းချခဲ့ပြီး MTSH ကုမ္ပဏီသည် အစုရှယ်ယာ အရေအတွက်၂၁၇၈ ရောင်းချခဲ့ကာ MCB ကုမ္ပဏီမှ အစုရှယ်ယာအရေအတွက် ၆၅ဝ ရောင်းချနိုင်ခဲ့သည်။စတော့အိတ်ချိန်းဈေးကွက်အတွင်း စက်တင်ဘာ တတိယအပတ်တွင် FMI ကုမ္ပဏီ၏ ရှယ်ယာတစ်စုလျှင် ကျပ် ၁၈၅၀၀၊ MTSH ကုမ္ပဏီ ရှယ်ယာတစ်စုလျှင် ကျပ် ၄၂၀၀၀နှင့် MCB ကုမ္ပဏီ အစုရှယ်ယာ တစ်စုလျှင် ၈၄၀၀ ပေါက်ဈေးမှ ဆက်လက်ကျဆင်းလာခြင်းဖြစ်သည်။(Xinhua)