Connect with us

Local

ပုဂ္ဂလိက ဘဏ်များ ခေါ်ယူ အပ်နှံငွေ အတိုးနှုန်းကို အားလုံး တစ်ပြေးညီ လျှော့ချ သတ်မှတ်မှသာ ပိုမို ထိရောက် နိုင်မည်ဟုဆို

မြန်မာနိုင်ငံ အတွင်း လက်ရှိ သုံးစွဲနေသော ငွေစက္ကူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ဝန်ဆောင်မှု ပေးလျက် ရှိသည့် အပ်ငွေအပေါ် နေ့စဉ် အတိုးပေးရသော Call Deposit အပ်ငွေ အတိုးနှုန်းကို အားလုံး တစ်ပြေးညီ လျှော့ချ သတ်မှတ်မှသာ ပိုမို ထိရောက်နိုင်မည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

“အတိုးနှုန်း ချမယ်ဆိုရင်တော့ ဘဏ်အားလုံးလျှော့ချမှ ထိရောက်မယ်လေ။ဘဏ်အားလုံး မချဘဲနဲ့ ဘဏ်တစ်ခုတည်းက ဒီတိုင်းပဲ နေနေမယ် ဆိုရင် ငွေအပ်တဲ့သူက ငွေပိုတွေ အပ်ကြတာကိုး။ဒါကြောင့် နှုန်းထား ကျသွားလို့ရှိရင် နှုန်းထား မြင့်တဲ့ ဘဏ်မှာ သွားထားဖို့အစီအစဉ် ရှိတာပေါ့။အဲလိုဟာမျိုးတွေ ရှိနိုင်တယ်။ချမယ်ဆိုရင် ဘဏ်တွေ တစ်ပြိုင်နက်ချတာ ပိုထိရောက်မယ်လေ။ Call Deposit အပ်ငွေ အတိုးနှုန်း ဆိုတာက အိမ်နီးချင်း နိုင်ငံတွေမှာ မရှိဘူး။”ဟု ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်သည့် CB ဘဏ်၏ အကြံပေး ဖြစ်သူူ ဦးဖေမြင့် က ဆင်ဟွာသို့ပြောသည်။

ယခုအချိန်တွင် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ချို့သည် အပ်ငွေအပေါ် နေ့စဉ် အတိုးပေးရသော Call Deposit အပ်ငွေ အတိုးနှုန်း ပြင်ဆင် လျှော့ချသတ်မှတ်လိုက်သော်လည်း တစ်ချို့သော ဘဏ်များသည် မူလပေးအပ် ထားသည့် အတိုးနှုန်း အတိုင်းသာ ဆက်လက် ထားရှိပြီး လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“Call Deposit ဆိုတာကတော့ နေ့စဉ် အတိုးပေးတာပေါ့။နေ့ပြန်တိုး ပေးတာပေါ့။အဲတာကတော့ တွက်ချေ သိပ်မကိုက်ဘူး ထင်တယ်။အဲဒီအတွက် တွက်ခြေ မကိုက်ကြတော့ ဘဏ်တွေက အတိုးနှုန်း လျှော့ချတယ်လို့ ထင်တယ်။ တကယ်တမ်း ဆိုရင် နိုင်ငံတကာ မှာတောင် မလုပ်ဘူး ထင်တယ်။အစိုးရဘဏ်တွေလဲ Call Deposit မလုပ်ဘူး။ဘာကြောင့်လဲဆိုတော့ အကျိုး သိပ်မရှိလို့လေ။ဒါပေမယ့် ပုဂ္ဂလိက ဘဏ်တွေက လုပ်ကြည့်တာပေါ့ဗျာ။လုပ်ကြည့်တော့ တော်တော်များများ နှစ်ကြာတဲ့ အခါမှာ တွက်ခြေမကိုက်တော့ လျော့မယ် ပြောတာဗျ။တကယ်တမ်းဆို လျှော့ရုံမကဘူး။လုပ်တောင် မလုပ်သင့်ဘူး။”ဟု CB ဘဏ်၏ Chief Comply Officer ဦးဦးသိန်းမြင့်က ပြောသည်။

လက်ရှိ၌ ကမ္ဘာ့ရတနာဘဏ်၏ Call Deposit အတိုးနှုန်းမှာ ကျပ်သိန်း ၁၀၀ အောက်ဆိုပါက ၄ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀ အထက်ဆိုပါက ၈ ရာခိုင် နှုန်းဖြစ်ကြောင်း၊ အောက်တိုဘာလမှစ၍ ကျပ်သိန်း ၁၀၀ အောက်ဆိုလျှင် ၄ ရာခိုင် နှုန်းနှင့် ကျပ်သိန်း ၁၀၀ အထက် ဆိုပါက ၆ ရာခိုင်နှုန်းသို့ အတိုးနှုန်းလျှော့ချမည် ဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ်မှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွန့်က ပြောကြားသည်။

“အတိုးနှုန်းလျှော့တာက ဘဏ်တိုင်းတော့ မဟုတ်တော့ဘူးပေါ့။ လုပ်နိုင်တဲ့သူကတော့ မလျှော့ဘဲ လုပ်ချင်လုပ်မှာပေါ့။ နေ့တိုင်း အတိုးပေးရတာဆိုတော့ ကြာလာတော့ ဘဏ်အနေနဲ့ မခံနိုင်ဘူးလေ” ဟု ၎င်းကရှင်းပြသည်။

ကမ္ဘောဇဘဏ်အကြီးတန်း မန်နေဂျင်းဒါရိုက်တာ တဦးဖြစ်သူ ဦးသန်းချိုက “ခေါ်ယူအပ်ငွေ အပေါ် အတိုးလျှော့တဲ့ ဘဏ်လည်းလျှော့တယ်။ မလျှော့တဲ့ဘဏ် လည်း မလျှော့ဘူး။ သောကြာနေ့ ညနေ လာအပ်တယ်။ တနင်္လာနေ့ မနက်အစောကြီး လာထုတ်သွားတယ်။ ဘဏ်က ဒီငွေအပေါ်မှာ ဘယ်လို သွားသုံးမှာတုန်း။ ၂ ရက် လာထားတော့ ဘဏ်က အတိုးသာ ပေးလိုက်ရတယ် သုံးလည်း မသုံးလိုက်ရဘူး။ ဘဏ်ရဲ့သဘာဝက အပ်ငွေကို ပြန်အသုံးချချင်တာ။ပြန်အသုံး မချနိုင်ရင်တော့ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့စိတ်ပျက်တာပေါ့လေ”ဟု ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.