Local
ကမ္ဘောဇဘဏ် လီမိတက်အား နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံး အဖြစ် ထိုင်းနိုင်ငံ၌ ဖွင့်လှစ်ခွင့်ပြု
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)
ကမ္ဘောဇဘဏ်အား မြန်မာ နိုင်ငံ၏ ပထမဆုံး နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးအဖြစ် ထိုင်းနိုင်ငံဗဟို ဘဏ်က ဧပြီလ ၂၈ ရက်တွင် တရားဝင် လိုင်စင် ခွင့်ပြုလိုက်ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုလိုက်ခြင်းကြောင့် ကမ္ဘောဇဘဏ် အနေဖြင့် ထိုင်းနိုင်ငံနှင့် နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ နှင့်စပ်လျဉ်းသော စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များ စုဆောင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ၌ စီးပွားရေး ဆက်သွယ် ဆောင်ရွက်မည့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအား ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ကမ္ဘောဇဘဏ်၏ နိုင်ငံခြားဘဏ်လုပ်ငန်း များအား ထောက်ကူ ပံ့ပိုးမှုများ ပြုလုပ် ပေးခြင်း အပါအဝင် ဘဏ်လုပ်ငန်း၊ ငွေကြေးနှင့် စီးပွားရေး ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဘဏ် ကိုယ်စားလှယ်ရုံးအပြင် ထိုင်းနိုင်ငံ အတွင်း၌ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေး အတွက် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဆက်လက် လျှောက်ထားပြီး ခွင့်ပြုချက်နှင့် အညီ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများ အပါအဝင် စီးပွားရေး လုပ်ငန်း အရပ်ရပ် အတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ကိုလည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ထိုင်းသံရုံးတို့၏ ထောက်ခံချက်ဖြင့် ကမ္ဘောဇဘဏ်၏ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ကဏ္ဍတွင် ဦးဆောင် လုပ်ကိုင် ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဆောင်ရွက်လျက် ရှိခြင်းတို့ကို ထိုင်းဗဟိုဘဏ်သို့ တင်ပြခဲ့ရကြောင်း သိရသည်။
ဘဏ်ခွဲအဆင့် ဖွင့်လှစ်ခွင့် ရရှိပြီးပါက ထိုင်းနိုင်ငံရှိ များစွာသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ (ခန့် မှန်းခြေ သုံးသန်းခန့်) အတွက်လည်း ငွေကြေး ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)